foodpanda rider တီထွင်တဲ့ စက်ဘီးထိန်းဉာဏ်ရည်တု

အသက် ၂၂ နှစ်ရှိ စင်ကာပူနိုင်ငံသား foodpanda စက်ဘီးသမားတစ်ဦးက သူ့စက်ဘီးကို ထိန်းကျောင်းပေးတဲ့ ဉာဏ်ရည်တုသုံး ချစ်ပ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။


သူ့အမည်က Lau Jin Ming ဖြစ်ပါတယ်။
သူဖန်တီးထားတဲ့ ဉာဏ်ရည်တုသုံး ချစ်ပ်က စက်ဘီးသွားမယ့် လမ်းကြောင်းတွေကို သိပြီး Lau ရဲ့ စက်ဘီးကို ထိန်းကျောင်းပေးတယ်။ သူက လက်လွှတ်ပြီး နင်းလို့ ရတယ်။
Lau က စင်ကာပူအမျိုးသားတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။
ဘီစကစ်တစ်ချပ် အရွယ်အစားသာသာ ရှိတဲ့ ဆားကစ်ပြားအစိမ်းလေးကို စက်ဘီးအပေါ်မှာ တပ်ထားတယ်။ ဆားကစ်ပြားပေါ်မှာ ပါတဲ့ ချစ်ပ်မှာ ဉာဏ်ရည်တု ပရိုဂရမ် ထည့်သွင်းပေးထားတယ်။ ချစ်ပ်က လုပ်ကိုင်ပေးရမှာတွေအတွက် ဦးနှောက်တစ်ခုအဖြစ် တာဝန်ယူပေးတယ်။
မျက်လုံးတွေကတော့ စက်ဘီးရှေ့မှာ တပ်ဆင်ထားတဲ့ ယူအက်စ်ဘီ ကင်မရာ ဖြစ်ပါတယ်။ ကင်မရာထံမှ အချိန်နဲ့ တပြေးညီ ပေးပို့ချက်တွေကို ချစ်ပ်က လက်ခံရယူတယ်။ ချစ်ပ်က ကင်မရာမြင်ကွင်းထဲမှာ စည်းတားထားတာတွေ၊ လမ်းဘီးလမ်းတွေကို ကွဲကွဲပြားပြား သိတယ်။ သွားရမယ့် လမ်းကြောင်းက ညာဘက်မှာ တွေ့ရင် စတီယာရင်ကို ညာဘက်ချိုးဖို့ ချစ်ပ်က အချက်ပေး စေခိုင်းလိုက်မှာ ဖြစ်ပါတယ်။

.photo_2021-09-01-15.29.00.jpeg

AI chip. တပ်ဆင်ထားတဲ့ ဆားကစ်ဘုတ်ပြားငယ်

ဉာဏ်ရည်တု ချစ်ပ်က စတီယာရင်ကိုပဲ ထိန်းကျောင်းတယ်။ စက်ဘီး ရှေ့ကို လိမ့်အောင် နင်းပေးတာကိုတော့ Lau ကိုယ်တိုင် သူ့ခြေထောက်တွေနဲ့ နင်းပေးရပါတယ်။
ညဘက်အတွက် ဓာတ်မီးကို ကင်မရာနဲ့ တွဲပေးထားတယ်။
ချစ်ပ်က လုပ်ကိုင်တာတွေကို အသိပေးဖို့အတွက် ဂီတသံကို သုံးစွဲတယ်။
ဝဲဘက်ကွေ့ရင် ဝဲဘက်ကွေ့ကြောင်း အသိပေးတဲ့ ဂီတသံကို အသံပြုခိုင်းမှာ ဖြစ်ပါတယ်။ အလားတူပင် ယာဘက်ကွေ့ရင်လည်း ယာကွေ့ပြီဆိုတာ အသိပေးတဲ့ ဂီတသံနောက်တစ်မျိုးကို အသံပြုခိုင်းမှာ ဖြစ်ပါတယ်။ Lau က ဂီတသံဖြင့် အချက်ပေးတာကို နားထောင်ပြီး စက်ဘီးလက်ကိုင် ညာကွေ့မှာလား ဘယ်ကွေ့မှာလားဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

အခုလို အဆင့်ထိရောက်ဖို့ အကြိမ်ကြိမ် စမ်းသပ်ခဲ့ရပြီး အမှားအယွင်း ဖြစ်နေတာတွေအတွက် Lau က ကုဒ်တွေ ပြန်ပြင်ရေးပြီး ချစ်ပ်ထဲ ပြန်ထည့်ပေးခဲ့ရတယ်။

အခုလို စက်ဘီးချစ်ပ်စိတ်ကူးကို လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက Lau ရခဲ့တာ ဖြစ်ပြီး သူက ဉာဏ်ရည်တုနဲ့ ကွန်ပျူတာ အမြင်တို့ ပါဝင်တဲ့ ဟက်ကာသွန် ပြိုင်ပွဲမှာ သူပထမဆုံး သင်ယူခဲ့တာ ဖြစ်ပါတယ်။

“အဆင့် သုံးဆင့် ရှိတယ်။ ပထမအဆင့်မှာ သတင်းအချက်အလက် ယူတယ်။ ဒုတိယအဆင့်မှာ အဖြေ ထုတ်ပေးတယ်။ တတိယအဆင့်မှာ ဉာဏ်ရည်တုကို စမ်းသပ်ကြည့်တယ်” လို့ သူက ပြောပြတယ်။

Jin-Ming-5.jpeg

 AI ဉာဏ်ရည်တုက စက်ဘီးကို ထိန်းကျောင်းပေးနေစဉ် 

 တစ်နှစ်အကြာမှာ ရှေ့ပြေးနမူနာအဆင့်သို့ ရောက်ရှိခဲ့ပြီး လက်ရှိအဆင့်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားပမ်းစား စမ်းသပ်မှုတွေ အမှားပြင်တာတွေ လုပ်ခဲ့ရတယ်။ စက်ဘီးကို စမ်းသပ်ရင်း လဲကျလို့ ဒူးပြဲခဲ့တယ်။

သူ့ရဲ့ ဉာဏ်ရည်တု ပရိုဂရမ်မှာ သင်ယူတတ်အောင်ပါ လုပ်ပေးထားလို့ စဉ်ဆက်မပြတ် သင်ယူနေတာကြောင့် ပိုကောင်းသည်ထက် ကောင်းလာတယ်။ အချိန်ကြာလာတာနဲ့အမျှ လမ်းကြောင်းတွေ ပိုသိလာတယ်။
အခုလို ဉာဏ်ရည်တု ချစ်ပ်ရဲ့ အကူအညီကို ရတာကြောင့် သူ့အလုပ်ဖြစ်တဲ့ foodpanda rider အလုပ်မှာ အထောက်အကူပြုတယ်။ ဒါပေမဲ့ သူက စက်ဘီးစည်းကမ်းတွေကို လိုက်နာတယ်။ ဉပမာ ကားလမ်းပေါ် နင်းနေချိန် လက်တွေက စတီယာရင်ကို ကိုင်ထားရမယ်ဆိုတဲ့ အချက်ကို သူလိုက်နာတယ်။ လက်လွှတ် မစီးဘူး။
လမ်းတွေပေါ် မနင်းတဲ့အခါမှာတော့ လက်လွှတ်ထားလို့ ရတယ်။
“တစ်ခါတလေ ကျွန်တော် ဗိုက်တာနေရင် ချစ်ပ်နဲ့ စက်ဘီးကို ထိန်းကျောင်းခိုင်းထားပြီး လက်လွှတ်စီးရင်း စက်ဘီးပေါ်မှာ ကျွန်တော် အစာစားတယ်”

သူ့ရဲ့ ဉာဏ်ရည်တုချစ်ပ်ကို အခုထက် ပိုကောင်းအောင်လည်း သူလုပ်နေတယ်။ ဉပမာ စက်ဘီးရှေ့မှာ လူရှိနေရင် ဘဲလ်တီးသံ ပေးတာမျိုးကို ချစ်ပ်က လုပ်တတ်အောင် သူက ကုဒ်ရေးကြည့်နေတယ်။
“အဲဒီလို ဟာမျိုးတွေက ကျွန်တော့ အနာဂတ် စီမံကိန်းတစ်ခုပေါ့” လို့ သူက ပြောပြီး ရယ်မောတယ်။

“ကင်မရာမြင်ကွင်း ဖရိန်ထဲမှာ လူရှိနေရင် ချစ်ပ်က သိရမယ်။ စက်ဘီးသွားမယ့် လမ်းကြောင်းနဲ့ လွတ်မလွတ် သိရမယ်။ အခုနေတော့ လွတ်နေပေမဲ့ အဲဒီလူက လမ်းကြောင်းထဲကို ရောက်လာနိုင်သလား ချိန်ဆတတ်ရမယ်။ မလွတ်မကင်းဖြစ်နေရင် ချစ်ပ်က ဘဲလ်ကို အသံပေးဖို့ စေခိုင်းပေးရမယ်” လို့ သူက ရှင်းပြတယ်။

Lau က ဉာဏ်ရည်တု artificial intelligence (AI) တစ်မျိုးတည်းသာ စိတ်ဝင်စားတဲ့သူတော့ မဟုတ်ဘူး။
သူ့အခန်းထဲမှာ ရိုဘော့တွေ ရှိတယ်။ မနက်မှာ သူ အိပ်ရာက ထလိုက်တဲ့အခါ ရိုဘော့တွေက လေအေးပေးစက်ကို ပိတ်ပေးလိုက်တယ်။ အခန်ပြတင်းပေါက်တွေ ဖွင့်ပေးလိုက်တယ်။ ပြတင်းပေါက် ဖွင့်တဲ့ ရိုဘော့က သူမနိုးခင်မှာ အခန်းထဲ လေဝင်လေထွက်ကောင်းအောင် ထိန်းကျောင်း စီမံပေးတယ်။ 

index.jpg

Lau က ဂီတကိုလည်း ချစ်တယ်။
တူရိယာ ခုနစ်မျိုး သူတီးမှုတ်တတ်တယ်။
ဝါသနာပါတာတွေထဲမှာ စက်ဘီးနင်းတာကိ Lau က အကြိုက်ဆုံးဖြစ်လို့ သူ့အကြိုက်နဲ့ ကိုက်ညီတဲ့ foodpanda rider အလုပ်ကို လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စတင်လုပ်ကိုင်ခဲ့တယ်။
“သူတို့ မြို့ပတ်ပြီး စက်ဘီးနင်းနေကြတာ တွေ့တော့ ကျွန်တော် စိတ်ဝင်စားတယ်။ သူတို့က စက်ဘီးစီးရင် ငွေရနေကြတယ်။ ကျွန်တော်က စက်ဘီးလျှောက်နင်းနေတာ သက်သက် ဖြစ်နေတယ်။ ငါဘာလို့ သူတို့လို မလုပ်ရမှာလဲဆိုပြီး တွေးမိတယ်။ ကျွန်တော်က စက်ဘီးနင်းရတာကို အရမ်းကြိုက်တဲ့သူ မဟုတ်လား”
သူ စက်ဘီးစီးနေကျအချိန်တွေမှာ foodpanda rider အလုပ်ကို သူ လုပ်တယ်။
“ဥပမာ ပြောရရင် Company A မှာ ခင်ဗျားက ၅ နာရီ အလုပ်လုပ်တယ်။ အော်ဒါ ၂ ခုပဲ ရတယ်ဆိုပါစို့။ အလုပ် ၅ နာရီလုပ်ပေမဲ့လည်း အော်ဒါ ၂ ခုစာပဲ ခင်ဗျား ပိုက်ဆံရမယ်။ foodpanda မှာတော့ ပို့စရာအော်ဒါတွေက အမြဲရှိနေတယ်” လို့ သူက ရှင်းပြတယ်။
သူက တက္ကသိုလ်ကျောင်းတက်နေရတဲ့သူဆိုတော့ တစ်ပတ်တစ်ခါပဲ စက်ဘီးစီးနေကျဖြစ်လို့ foodpanda မှာ တစ်ပတ်တစ်ခါပဲ သူလုပ်တယ်။ နားလည်မှု မရှိတဲ့ မှာကြားသူတွေကို သူ ရင်ဆိုင်ရတယ်။
“လူတွေက နားလည်ပေးသင့်တယ်။ မှာထားတာ အရောက်နောက်ကျရတာဟာ စက်ဘီးသမားတစ်ယောက်တည်းရဲ့ အပြစ်ကြောင့် မဟုတ်ဘူး။ ရာသီဥတု အခြေအနေတွေ ရှိတယ်။ စားသောက်ဆိုင်မှာ မှာထားတာ ရဖို့ ကြာနေတာတွေလည်း ရှိတယ်။ အဲဒါက အဓိက အကြောင်းတရားပဲ။ စက်ဘီး ဗွေဖောက်တာမျိုးလည်း ရှိတယ်။ စက်ဘီးနင်းရင်း မတော်တဆ ဖြစ်တာတွေလည်း ရှိတယ်”

လူတွေက ပစ္စည်းပို့တဲ့ စက်ဘီးသမားတွေကို အထင်သေးချင်ကြတယ်။ ပညာအရည်အချင်း နိမ့်ကျတယ်။ ပိုကောင်းတဲ့အလုပ်ကို မရှာနိုင်လို့ စက်ဘီးနင်းနေရတယ်။ အဲဒီလို ထင်မြင်ယူဆကြတာ ယေဘုယျဆန်လွန်းတယ်လို့ Lau က ပြောပြတယ်။ စက်ဘီးနင်းရတာကို ကြိုက်လို့၊ ဝါသနာနဲ့ ကိုက်ညီနေလို့ ပြီးတော့ အချိန်ပိုင်းအလုပ်တစ်ခုအဖြစ် လုပ်ရင်း ဝင်ငွေရလို့ နင်းနေကြသူတွေ ရှိတယ်လို့ သူက ပြောပြတယ်။

သူ ဘယ်လောက်ရသလဲဆိုတော့ တစ်ခါတုန်းက တစ်နာရီကို စင်ကာပူဒေါ်လာ ၂၂ အထိ သူရဖူးတယ်။ ဝင်ငွေက မနည်းပါဘူးလို့ သူက သုံးသပ်တယ်။

“နမူနာတစ်ခု ပြောပြမယ်။ စားသောက်ဆိုင်နဲ့ အဖျော်မကာဆိုင်တစ်ခုမှာ အလုပ်လုပ်ရင် တစ်နာရီကို စင်ကာပူဒေါ်လာ ၇ ဒေါ်လာ ၈ ဒေါ်လာ ရတယ်။ အဲဒီ သုံးဆနီးပါး foodpanda မှာ ရတယ်”

Lau က သူဝါသနာပါတဲ့ စက်ဘီးစီးတာနဲ့ ဝင်ငွေ ရှာရင်း သူဝါသနာပါတဲ့ ဉာဏ်ရည်တုကိုလည်း စက်ဘီးတစ်စီးနဲ့ မျိုးစုံ စမ်းသပ်တီထွင်နေတယ်။ ဉာဏ်ရည်တုပါတဲ့ စက်ဘီးတွေနဲ့ စားစရာတွေ လိုက်ပို့ကြတဲ့အဖြစ်ကို တစ်နေ့နေ့မှာ ရောက်ရှိသွားလိမ့်မယ်လို့လည်း သူက စိတ်ကူးယဉ်ထားပါတယ်။

Source:mothership.sg

Read times
Rate this item
(0 votes)