ဂိမ်းမာတွေ အသုံးများတဲ့ Razer Pay e-wallet နဲ့ Razer Card ရပ်ဆိုင်းတော့မည်

Razer Pay e-wallet နဲ့ Razer Card တို့ကို စင်ကာပူနဲ့ မလေးရှားတို့မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Razer Pay e-wallet လုပ်ငန်းဆောင်တာအားလုံးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နောက်ပိုင်းမှာ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ သုံးစွဲသူများ အနေဖြင့် ငွေလွှဲခြင်း၊ ငွေဖြည့်ထည့်ခြင်းတို့ကို လုပ်ဆောင်လို့ ရတော့မှာ မဟုတ်ပါဘူး။ အက်ပ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်ကစလို့ ဆက်လက်သုံးစွဲလို့ မရတော့ပါဘူး။
Razer Pay က beta အဆင့်ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့တာဖြစ်ပြီး သက်တမ်း သုံးနှစ်အကြာမှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ Razer Pay ရဲ့ branding က “e-wallet for youth and millennials” ဖြစ်ပါတယ်။ ဒီတော့ လူငယ်တွေကို ပစ်မှတ်ထားတာ ဖြစ်ပြီး လူငယ်တွေ လက်ထဲ Razer Pay ကျယ်ကျယ်ပြန့်ပြန့် မရောက်ခဲ့ဘူး။ အထူးသဖြင့် မလေးရှားဈေးကွက်ထဲမှ အီး-ပိုက်ဆံအိတ် ပြိုင်ဘက်တွေကို မယှဉ်နိုင်ခဲ့ဘူး။

E-wallets တွေမှာ ဈေးကွက်ရဲ့ အစိတ်အပိုင်းအရ အမျိုးအစား ခွဲခြားပြီး လုပ်ကိုင်ကြရတယ်။ Razer Pay က ဘဝစတိုင်အီး-ပိုက်ဆံအိတ် အမျိုးအစား lifestyle e-wallet category အောက်မှာ ပါဝင်တယ်။ အဲဒီ အမျိုးအစားအောက်မှာ ပြိုင်ဘက်တွေ အဖြစ် Boost, GrabPay, Touch ‘n Go eWallet တို့ ကြီးသုံးကြီး ရှိနေကြတယ်။ ပြိုင်ဘက်တွေထက် ထူးကဲတဲ့ လုပ်ငန်းဆောင်တာ၊ ထူးခြားတဲ့ ဝန်ဆောင်မှု Razer Pay မှာ မရှိဘူး။ ကြီးသုံးကြီးတို့မှာက ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးအတွက် လက်မှတ်၊ ဟိုတယ်အခန်းကြိုယူခြင်း စတဲ့ ဝန်ဆောင်မှုအမျိုးမျိုး၊ ယာဉ်ရပ်နားရန်နေရာ အခကြေးပေးခြင်း စတာတွေ လုပ်ကိုင်လို့ ရအောင် စီစဉ်ပေးထားတယ်။
Razer Pay က စတင်လိုက်ပြီးချိန်မှာ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ အတူလက်တွဲပြီး လုပ်ကိုင်သွားမယ့် အစီအစဉ် ရှိထားပေမဲ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။

GrabPay, Boost, နဲ့ Touch ‘n Go eWallet ကြီးသုံးကြီးတို့ကလည်း ၂၀၁၇ -၂၀၁၈ ခုနှစ် ဝန်းကျင်မှာ စတင်ခဲ့ကြတာဖြစ်လို့ Razer Pay စတင်ခဲ့ချိန်နဲ့ မရှေးမနှောင်း ဖြစ်ပါတယ်။ ပြိုင်ဘက်များ နည်းတူ ဖွံ့ဖြိုးမှု ချဲ့ထွင်မှုများ လုပ်ဆောင်ခြင်း မရှိခဲ့ဘူး။

e-wallets ကို ဘယ်မှာ အသုံးများကြသလဲ။ ငါးပွက်ရာ ငါးစာချဖို့ လိုတယ်။ မလေးရှားမှာ စားသောက်စရာနဲ့ အဖျော်ယမကာအတွက် အသုံးအများဆုံး ဖြစ်ပါတယ်။ ကုန်စုံဆိုင်မှ စားသောက်ကုန်အမျိုးမျိုး ဝယ်ယူခြင်း၊ စတိုးဆိုင်မှ ဝယ်ယူခြင်း၊ ချက်ပြုတ်စရာ အစိုအခြောက် ဝယ်ယူခြင်း ငွေတောင်းခံလွှာများ ပေးဆောင်ခြင်း စတာတွေအတွက် တွင်တွင်သုံးကြပါတယ်။ အဲဒီအမျိုးအစားမှာ စစချင်း နေရာဝင်ယူနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Razer Pay က အာရုံမစိုက်ဘဲ ငွေတောင်းခံလွှာ ပေးချေခြင်းအတွက် အရောင်းမြှင့်တင်ခဲ့တယ်။ ငွေပြန်အမ်း cashback အစီအစဉ်တွေ ကျင့်သုံးတယ်။ ဒါပေမဲ့ Razer Pay ကို download ရယူ၊ ဖုန်းမှာတင်ပြီး အကောင့် ဖွင့်တဲ့သူ အတော်နည်းနေခဲ့တယ်။
Razer Pay ကို သုံးပြီး ငွေပေးချေတာကို လက်ခံပေးတဲ့ လက်တွဲဖော်အဖြစ် 7-Eleven, Tealive, Starbucks, 99 Speedmart, Secret Recipe အစရှိတဲ့ လက်လီဆိုင်လုပ်ငန်းတွေနဲ့ လုပ်ကိုင်ပေမဲ့ သူတို့ကို ပြိုင်ဖက် ကြီးသုံးကြီးတို့ကလည်း အလားတူ လက်တွဲထားတယ်။ အပြိင်ကြမ်းတဲ့ ကစားကွင်းထဲ Razer Pay ရောက်ရှိနေခဲ့တယ်။ အရောင်းမြှင့်တင်ဖို့ မက်လုံးတွေ ပေးတာမှာ ကြီးသုံးကြီးထက် သာအောင် ထူးခြားအောင် မပေးနိုင်ခဲ့ဘူး။
၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ Razer Pay က 7-Eleven စတိုးဆိုင်နဲ့ Starbucks ကော်ဖီဆိုင်တွေမှာ Razer Pay သုံးစွဲရင် လျှော့ဈေး ၈ မှ ၁၀ % အထိပေးပြီး ဆွဲဆောင်ခဲ့တယ်။
Touch ‘n Go eWallet က ၂၀% ပေးတယ်။ ကျပန်းပေးအပ်တဲ့ ပြန်အမ်းငွေအဖြစ် ရင်းဂစ် ၅၀၀ ကို 7-Eleven စတိုးဆိုင်တွေမှာ ပေးတယ်။
GrabPay က အိမ်တိုင်ရာရောက် စားစရာပေးပို့တဲ့လုပ်ငန်းတွေအတွက် စားသောက်ကုန် အမျိုးမျိုး မှာယူတာအတွက် GrabPay နဲ့ ငွေပေးချေရင် ၃၀ မှ ၅၀ % အထိ လျှော့ဈေး ပေးတယ်။ တကယ်လို့ Starbucks ကို GrabFood ကနေမှာပြီး GrabPay နဲ့ ငွေပေးချေရင် ထပ်ဆောင်း လျှော့ဈေးကို ထပ်ရတယ်။
ဒီတော့ Touch ‘n Go eWallet နဲ့ Grabfood တို့က ကြီးစိုးထားကြတယ်။

Razer Pay က အွန်လိုင်း မလုပ်ကိုင်တဲ့ ဆိုင်ရှင်အမျးအပြားနဲ့လည်း လက်တွဲထားပြီး သူတို့က အွန်လိုင်း ရောင်းချဖို့ စိတ်အားတက်သန်ခြင်း မရှိကြဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် ဆိုင်တွေ နားကြရတဲ့အချိန်ကျမှ e-commerce လုပ်ဖို့ စပြင်ဆင်ကြတယ်။
Razer Pay က e-commerce လုပ်ကိုင်နေတဲ လုပ်ငန်းကြီးတွေနဲ့ လက်တွဲဖို့ မကြိုးပမ်းခဲ့ဘူး။ လူအသုံးများတဲ့ e-commerce ဝဘ်ဆိုက်တွေ ငွေပေးငွေယူအတွက် ဦးတည်လုပ်ကိုင်တဲ့ မဟာဗျူဟာ အားနည်းခဲ့တယ်။ လူသုံးများပြီးသား e-commerce မှာ ငွေပေးငွေယူ ဝန်ဆောင်မှု လုပ်ကိုင်ခြင်းဖြင့် e-commerce ကိုလာကြတဲ့သူတွေက ကိုယ့်ဆီကို အလိုလို ရောက်လာကြမှာ ဖြစ်ပါတယ်။

Razer Pay မှာ အထူးတလည် လုပ်ကိုင်တဲ့ဟာ မရရှိခဲ့ဘူး။ Razer Pay က GrabFood နဲ့ တွဲထားလိုက်ပြီး စားသောက်ကုန် အိမ်တိုင်ရာရောက် မှာကြားတာတွေအတွက် အထူးတလည် လုပ်ကိုင်တယ်။ Touch ‘n Go eWallet က အဝေးပြေးလမ်းတွေမှာ ဂိတ်တွေ ဖြတ်ရင် လမ်းခွန်ပေးချေတဲ့ကတ်အတွက် ငွေဖြည့်ပေးတာကို အထူးတလည် လုပ်ကိုင်တယ်။ ကားရပ်နားရန်နေရာအတွက်လည်း ကတ်ငွေဖြည့်တာကို အထူးတလည် လုပ်ကိုင်တယ်။

Razer Pay က ဂိမ်းနဲ့ ပတ်သက်တဲ့ ဝယ်ယူမှုတွေအတွက် လွယ်ကူအောင် လုပ်ပေးထားတာမှာ ကောင်းအောင် လုပ်ထားတယ်။ ဒီတော့ ဂိမ်းဝါသနာအိုး ဂိမ်းမာတွေ Razer Pay ကို သုံးကြတယ်။ ဒါပေမဲ့ သူတို့ သုံးစွဲတဲ့ ကြိမ်ရေနဲ့ ပမာဏက Razer Pay ရေရှည်ရပ်တည်ဖို့အတွက် မလုံလောက်ဘူး။

Razer Pay မှာ မအောင်မြင်ပေမဲ့ Razer Fintech မှာ သန်မာတဲ့ လက်တံ payment gateway Razer Merchant Services (RMS) ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်မှာ total payment volume (TPV) အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း ရှိခဲ့ပါတယ်။ ယခင်နှစ်ထက် ၁၀၄ ဒသမ ၄ % ပိုများလာခဲ့တာ ဖြစ်ပါတယ်။ Razer Pay နဲ့ Card အစီအစဉ် မအောင်မြင်ပေမဲ့ လုပ်ငန်းအချင်းချင်းအကြား လုပ်ကိုင်မှု B2B business ကို ဆက်လက်လုပ်ကိုင်တာမှာ အောင်မြင်နေပါတယ်။ မလေးရှားမှာ “Razer Youth Bank” ကို တိုးချဲ့လုပ်ကိုင်ဖို့ အလားအလာ ဆန်းစစ်နေပါတယ်။ မလေးရှား လူဉီးရေမှာ ၆ သန်းကျော်က လူငယ်တွေ ဖြစ်တာမို့ သူတို့ကို ဦးတည်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Source:vulcanpost.com

Read times
Rate this item
(0 votes)