တိဘက်အလံပါလို့ ပွဲဆူနေတဲ့ ဂိမ်း

Haven Springs ဆိုတဲ့ မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ Life is Strange: True Colors ဂိမ်းရဲ့ ဇာတ်ဝင်ခန်းမှာ Treasures of Tibet ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို ပုံဖော်ထားတာမှာ တိဘက်အလံကို ဝင်ပေါက် အပေါ်နားမှာ လွှင့်ထားလို့ တရုတ်ဂိမ်းမာတွေအကြား ပွဲဆူနေတယ်။ အဲဒီတိဘက်အလံကို တရုတ်ပြည်မမှာ ပိတ်ပင်ထားပါတယ်။ အဲဒီတိဘက်အလံက တိဘက်လွတ်လပ်ရေး လှုပ်ရှားမှုအတွက် အရေးပါတဲ့ သင်္ကေတ ဖြစ်ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲဝင် တိဘက်တို့ရဲ့ ခွပ်ဒေါင်းအလံလို့ ဆိုနိုင်တဲ့အထိ အရေးပါလို့ သုံးစွဲခွင့် မပြုဘဲ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Steam ပေါ်မှ တရုတ်ဂိမ်းမာတွေအကြား အလံပုံပါနေလို့ ကန့်ကွက်သံတွေ ထွက်ပေါ်ပြီး ပွဲဆူနေပါတယ်။
ဂိမ်းရဲ့ user rating ကတော့ Very Positive ဆက်ဖြစ်နေဆဲ ဆိုပေနဲ့ တရုတ်ဂိမ်းမာတွေ ဝေဖန်ရှုံချတဲ့ သုံးသပ်ချက်တွေက အများစု ‌ဖြစ်နေတယ်။ သုံးသပ်ချက်တစ်ခုမှာ “ဒီဂိမ်းမှာ တိဘက်လွတ်လပ်ရေး အရိပ်လက္ခဏာတွေ ပါဝင်နေတယ်။ တရုတ်ပြည်သွေးကွဲရေးကို ညွှန်ပြနေတယ်” လို့ ရေးသားထားတယ်။ နောက်တစ်ယောက်ကတော့ “တိဘက်ဆိုတာ တရုတ်ပြည်ရဲ့ အပိုင်းတစ်ခုပါ” လို့ မှတ်ချက်ပြုထားတယ်။ နောက်တစ်ယောက်က “ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ်၊ တိဘက်တို့ဟာ တရုတ်ပြည်ပိုင်နက်တွေ ဖြစ်ခဲ့တာ ရှေးခေတ်ကတည်းကပါ” လို့ ရေးသားထားပါတယ်။


အရင်တုန်းက Devotion ကို တရုတ်ဂိမ်းမာတွေ ဝိုင်းဝုန်းခဲ့ကြဖူးတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို Winnie the Pooh နဲ့ နှိုင်းပြီး ဟာသလုပ်ထားတာကို ဝေဖန်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ မသက်ဆိုင်ဘဲ ဝုန်းကြတာတွေလည်း ရှိတယ်။ Nier: Automata ကို အာရှမှာ ဖြန့်တော့ တရုတ်ဘာသာစကား ထောက်ကူမှု မပါလို့ ဝိုင်းဝုန်းကြတာ ဖြစ်ပါတယ်။ ရိုးရှင်းတရုတ်စာပါမှ တရုတ်ဂိမ်းမာတွေ ကစားဖို့ အဆင်ပြေကြတယ်။ တရုတ်စာ ပါသင့်တယ်လို့ ဆိုရတာက တရုတ်ပြည်က Steam ရဲ့ ဒုတိယအကြီးမားဆုံး ဈေးကွက် ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

ယခု လဆန်းကစလို့ တရုတ်ပြည်မှာ ဂိမ်းကစားတာ ချုပ်ချယ်မှုတွေ ပြုထားပါတယ်။ အသက် ၁၈ နှစ်အောက် ဂိမ်းမာတွေအဖို့ သောကြာ၊ စနေနဲ့ တနင်္ဂနွေ နေ့သုံးနေ့မှာသာ ကစားခွင့်ရှိပြီး ကစားချိန်ကလည်း ည ၈ မှ ၉ နာရီအထိ ဖြစ်ရမယ်။ နေ့ထူးနေ့မြတ် အလုပ်ပိတ် ကျောင်းပိတ်ရက်တွေမှာ ည ၈ မှ ၉ နာရီအထိ တစ်နာရီ ကစားခွင့် ထပ်ရတယ်။ အွန်လိုင်းဂိမ်းတွေ အတွက်သာ ဖြစ်ပြီး Life is Strange: True Colors လို အော့ဖ်လိုင်း ဂိမ်းတွေကတော့ စိတ်ကြိုက်ကစားလို့ ရနေဆဲ ဖြစ်ပါတယ်။

 

Screenshot_2021-09-12_095929.jpg

Read times
Rate this item
(0 votes)