တင်းကျပ်တဲ့ စည်းကမ်းအသစ်များနဲ့ ကစားရတဲ့ တရုတ်နိုင်ငံ သက်ငယ်ဂိမ်းမာများ

တရုတ်နိုင်ငံမှ အကြီးမားဆုံး ဂိမ်းလုပ်ငန်းကြီး တစ်ခုဖြစ်သော Tencent ဝေခွဲမရ ဖြစ်နေတယ်။

Honour of Kings ဂိမ်းကစားတဲ့ အသက် ၆၀ နှစ်ရှိတဲ့ ဂိမ်းကစားသူက စွမ်းဆောင်ရည်တွေ အရမ်းကောင်းလွန်းနေတယ်။ သူ့အသက်အရွယ်နဲ့ မမျှအောင် တော်လွန်းနေတယ်။ အသက် ၆၀ ဂိမ်းမာရဲ့ အထောက်အထားတွေကို စစ်ဆေးကြည့်တော့ ငယ်ရွယ်သူက အမည်ယူသုံးပြီး ကစားနေတာလား ဆိုတာကို ဆုံးဖြတ်လို့ မရဘူး ဖြစ်နေတယ်။
တရုတ်နိုင်ငံမှာ ဂိမ်းကစားတာတွေကို တင်းကျပ်ထားတာ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံးနိုင်ငံ ဖြစ်နေတဲ့အထိ တင်းကျပ်ထားတယ်။ ဂိမ်းကစားသူက သူမည်သူမည်ဝါဆိုတာ အထောက်အထား ပြရတယ်။ သူပြတဲ့ အထောက်အထား မှန်ကန်မှုကို အွန်လိုင်းဂိမ်းတင်တဲ့ ကုမ္ပဏီက တာဝန်ယူ စစ်ဆေးအတည်ပြုပေးရတယ်။ National Press and Publication Administration အမျိုးသား ပုံနှိပ်နှင့် ထုတ်ဝေရေး ဦးစီးဌာနအောက်မှာ ဂိမ်းထုတ်ဝေမှုကို ချုပ်ကိုင်ထားတယ်။ ဂိမ်းကစားသူ အသက် ၁၈ နစ်အောက်ဆိုရင် သောကြာ၊ စနေနဲ့ တနင်္ဂနွေ သုံးရက်သာ ကစားခွင့် ရှိပြီး ကစားရမယ့်အချိန်က ည ၈ နာရီမှ ၉ နာရီအထိ အတွင်းမှာသာ ကစားခွင့် ရှိတယ်။
အဲဒီစည်းကမ်းအသစ်တွေနဲ့ အညီ ဂိမ်းလုပ်ငန်းကြီး Tencent Holdings က အွန်လိုင်းဂိမ်းကစားတာတွေကို ထိန်းချုပ်ပေးထားရတယ်။ Tencent Holdings က ဝင်ငွေအရကြည့်ရင် ကမ္ဘာ့အကြီးမားဆုံး ဂိမ်းလုပ်ငန်း ဖြစ်ပါတယ်။ ဂိမ်းကစားသူရဲ့ မျက်နှာကို သူမည်သူမည်ဝါဆိုတာ ပြသတဲ့ အထောက်အထားကတ်မှ မျက်နှာပုံ ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှု ရှိမှ ခွင့်ပြုပေးတယ်။ အဲဒီလို မျက်နှာ စစ်ဆေးတဲ့စနစ်ကို မလိမ့်တစ်ပတ် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုရပေမယ့် အသက် ၆၀ နှစ်ရှိ ကစားသူအဖြစ် ဝင်ကစားနေတဲ့သူက မျက်နှာမှတ်မိတဲ့စနစ်ကို တစ်နည်းနည်းဖြင့် လိမ်လည်လှည့်ဖြားပြီး ဝင်ကစားနေတာလားလို့ Tencent အနေဖြင့် သံသယ ရှိနေပေမဲ့ သက်သေပြလို့ မရဘူး ဖြစ်နေတယ်။ သူက ၁၉၆၁ ခုနှစ်မှ ဖွားမြင်တဲ့သူလို့ သူ့ရဲ့ မှတ်ပုံတင်ကတ်ပြားမှာ ဖော်ပြထားတယ်။ သူက Honour of Kings ကို ဝင်ကစားနေကျ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မနက် ၃ နာရီမှာ ဝင်ကစားတယ်။ ရန်သူ ၅ ဦးကို ဆက်တိုက် သတ်ပစ်နိုင်မှ ရတဲ့ ‘ငါးဦးသေ’ “penta kill” ကို ရသွားတဲ့အထိ လက်ရည်က တော်လွန်းနေတယ်။ သူ့အသက် ၆၀ နဲ့ မတန်မရာကို ရသွားတာ ဖြစ်နေတယ်။
အဲဒီအကြောင်းကို တရုတ်ဆိုရှယ်မီဒီယာမှာ တင်ပြလိုက်တဲ့အခါ လူအများ စိတ်ဝင်တစား ဖြစ်ကြတယ်။ သတင်းကို မျှဝေကြတယ်။
အသက်ငယ်ရွယ်သူတစ်ဦးက အဖိုးကြီးရဲ့ ကတ်နဲ့ စာရင်းသွင်းပြီး ဝင်ကစားနေတာပဲ ဖြစ်ကို ဖြစ်ရမယ်လို့ အများစုက မှတ်ချက်ချကြတယ်။

တရုတ်နိုင်ငံရဲ့ ဘလော့အသေးစားများ စုစည်းမှု ပလက်ဖောင်း Weibo ပေါ်မှာ Tencent က အကျိုးအကြောင်း တင်ပြခဲ့တယ်။ သုံးရက်တိုင်တိုင် ဂိမ်းမာအဖိုးကြီးကို လေ့လာနေခဲ့တယ်။ ကစားသူက မျက်နှာနဲ့ တိုက်ဆိုင်စစ်ဆေးတာ အောင်မြင်ခဲ့တယ်။ ၁၇ ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ပြီး အကြိမ်တိုင်း အောင်မြင်ခဲ့တယ်။ ရဲတပ်ဖွဲ့ မှတ်တမ်းမှတ်ရာမှ မျက်နှာပုံနဲ့ ကိုက်ညီနေတယ်။

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ အခြေစိုက် ဂိမ်းမဟာလုပ်ငန်းကြီး Tencent အနေဖြင့် ယူဆတာက ဂိမ်းမာအဖိုးကြီး ကစားနေတာမှာ ဝင်ကူကစားပေးပြီး အခုလို လက်ရည်မျိုး ပြသတာ ဖြစ်လိမ့်မယ်။ အဲဒီလို ဘေးလူဝင်ကစားပေးတာမျိုးကို Tencent အနေဖြင့် အိမ်တိုင်ရာရောက် သွားပြီး လူတွေ့စုံစမ်းစစ်ဆေးဖို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ ရှင်းပြထားပါတယ်။
.
တရုတ်အစိုးရက ဂိမ်းစွဲနေတာတွေကို ဆက်လက်နှိပ်ကွပ်လျက် ရှိပြီး အထူးသဖြင့် အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးတဲ့သူတွေ ဂိမ်းစွဲနေတာကို တိုက်ဖျက် နေပါတယ်။

ဂိမ်းမာတွေကလည်း အွန်လိုင်းဂိမ်း အချိန်ကန့်သတ်ထားပြီး တစ်ပတ်မှာ သုံးနာရီထက် ပိုကမစားရတော့တဲ့အတွက် နည်းလမ်း ရှာကြံပြီး ကစားခွင့် ရအောင် လုပ်ဆောင်ကြတယ်။ အရွယ်ရောက်ပြီးသူရဲ့ မှတ်ပုံတင်ကတ်ဖြင့် ကစားကြတယ်။ အတားအဆီး ကျော်ခွဖို့ ကူညီလုပ်ကိုင်ပေးတဲ့ ဖုန်းဆိုင်တွေမှာ သွားကစားကြတယ်။ သူတို့ နှစ်သက်တဲ့ ဂိမ်းကို ရတဲ့နည်းဖြင့် ကစားကြတယ်။ ဂိမ်းထဲမှာ ငွေပေးပြီး ဝယ်သုံးရတာတွေကိုလည်း ရက်ရက်ရောရော ဝယ်သုံးကြတယ်။
အဲဒီလို လိုရာရောက်အောင် နည်းအမျိုးမျိုးဖြင့် လုပ်ကြတဲ့အတွက် ဂိမ်းကစားဖို့ မှတ်ပုံတင်ကတ်အမှန်အကန်နဲ့ စာရင်းသွင်းထားတဲ့ အကောင့်တွေ ရောင်းချတဲ့ မှောင်ခိုဈေးကွက် အွန်လိုင်းဂိမ်းလောကမှာ ပေါ်ပေါက်လာတယ်။ အိမ်မှာ အတူနေတဲ့ သက်ကြီးပိုင်းကို စည်းရုံးပြီး ဂိမ်းကစားဖို့ စာရင်းသွင်းခိုင်းတာမျိုးလည်း ရှိတယ်။ ပြီးရင် သက်ကြီးပိုင်းက ဝင်ကစားတဲ့အနေဖြင့် အရွယ်မရောက်သေးသူက ကစားတယ်။

သက်ကြီးပိုင်းတွေအနေဖြင့် နိုးနိုးကြားကြားဖြင့် သူတို့မျက်နှာကို ကလေးက စည်းရုံးလှည့်ဖြားပြီး အသုံးပြုရင် သတိထားပြီး တားမြစ်ပေးသင့်တယ်လို့ Tencent က ပြောကြားတယ်။
တကယ်လို့ အသက် ၆၀ ကစားသူရဲ့ အကောင့်ကို အသက်မပြည့်သေးတဲ့ကစားသူက ငှားရမ်းပြီး ဝင်ကစားနေတာဆိုရင် e-commerce ပလက်ဖောင်းတွေ၊ အွန်လိုင်း ကုန်သည်တွေအနေဖြင့် ဂိမ်းစွဲတာကို တိုက်ချက်ဖို့အတွက် အစိုးရရဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်ပေးကြဖို့ကိုလည်း Tencent က ပြောကြားတယ်။

အကြီးမားဆုံး ဂိမ်းကုမ္ပဏီတွေ ဖြစ်တဲ့ Tencent နဲ့ NetEase တို့ အပါအဝင် တရုတ်ဂိမ်းဖန်တီးရှင် video game developer အနည်းဆုံး ၄၁ ခုတို့က National Press and Publication Administration ရဲ့ စည်းကမ်းအသစ်တွေကို ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့ကြတယ်။ NPPA က စည်းကမ်းအသစ်တွေ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာ အခုလို ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။
Tencent က Honour of Kings အွန်လိုင်းဂိမ်းအတွက် update ကို ဖြန့်ဝေခဲ့တယ်။ Honour of Kings အွန်လိုင်းဂိမ်းကစားသူ နေ့စဉ် သန်း ၁၀၀ ဝန်းကျင်ရှိတယ်။ ကုမ္ပဏီရဲ့ esports လက်တံ TJ Sports က စည်းကမ်းသစ်တွေနဲ့အညီ တံခွန်စိုက်ပြိုင်ပွဲ အစီအစဉ်တွေကို အစအဆုံး ပြန်လည်ရေးဆွဲမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။

လောလောဆယ်မှာတော့ အွန်လိုင်းဂိမ်းအသစ်တွေ အတည်ပြုပေးတာကို အစိုးရကြီးကြပ်သူတွေက ယာယီအားဖြင့် နှေးထားပြီး ခွင့်ပြုချက် ရဖို့ ကြာမြင့်အောင် တမင်လုပ်ပြီး ထိန်းထားပါတယ်။

Read times
Rate this item
(0 votes)