ASEAN Entrepreneur Award ကို ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင် အရာရှိချုပ် မာလင်း နန်းခမ်းနောင့် လက်ခံရရှိ

ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ် မြှင့်တင်ရေးနှင့် ကျား၊မ တန်းတူညီမျှရေး

 ကြိုးပမ်းမှုများကြောင့် ASEAN Entrepreneur Award ကို ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင် အရာရှိချုပ် မာလင်း နန်းခမ်းနောင့်မှ လက်ခံရရှိခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်မာလင်း နန်းခမ်းနောင့်သည် ‘စွမ်းရည်မြင့်မား အမျိုးသမီးများ (Empowering Women)’ ခေါင်းစဉ်ဖြင့် ASEAN Entrepreneur Award ဆု ပေးအပ်ချီးမြှင့်ခံခဲ့ရပါသည်။ အဆိုပါဆုကို တောင်ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းဝန်များအဖွဲ့တို့က ပံ့ပိုးပေးခဲ့ပြီး မာလင်းသည် ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ် မြှင့်တင်ရေးနှင့် ကမ္ဘောဇဘဏ်တွင် ဆောင်ရွက်လျက်ရှိသော ကျား၊မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များအတွင်း သူမ၏ ထူးချွန်ပြောင်မြောက်သော ပါဝင်ကြိုးပမ်းမှုများအတွက် ၂၀၂၀ ခုနှစ်၏ အာရှဒေသအတွင်း ထိပ်တန်း စီးပွားရေးဦးဆောင်သူများအနက် တစ်ဦးအပါအဝင်အဖြစ် အသိအမှတ်ပြု ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ချိန်မှစ၍ မာလင်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဘဏ်ဦးဆောင်သည့် မိုဘိုင်းပိုက်ဆံအိတ် KBZPay ကို စတင် မိတ်ဆက်နိုင်ရေး အပါအဝင် ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးတွင် ဦးဆောင်စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော KBZPay သည် လက်ရှိ အသုံးပြုသူ (၆) သန်း၊ အရောင်းကုန်ဆိုင်နှင့် ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော်ရှိပြီး ထိုအထဲတွင် (၅၂%) သော စီးပွားရေးလုပ်ငန်းများကို အမျိုးသမီးများမှ ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။ KBZPay ပလက်ဖောင်းသည် အသုံးပြုသူများအား မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစားလုပ်ငန်းရှင်များ၊ e-commerce ကုမ္ပဏီများ၊ e-gov ဝန်ဆောင်မှုများ၊ ပညာရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်ပေးလျက် ရှိပါသည်။

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်မာလင်း နန်းခမ်းနောင့်က “ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဇဘဏ် အဖွဲ့သားတွေအားလုံးကိုယ်စား ဒီဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီပေးနေတာတွေ၊ ကျွန်မတို့နိုင်ငံကို ဒစ်ဂျစ်တယ်ခေတ်မှာ ရှေ့တန်းကနေ ဦးဆောင်နိုင်ဖို့ အလေးထား ဆောင်ရွက်နေတာတွေကို အာဆီယံ အသိုက်အဝန်းရဲ့ အောင်မြင်မှု မှတ်ကျောက်တစ်ခုအဖြစ် အသိအမှတ်ပြု ခံရတဲ့အတွက် တစ်ကယ့်ကို အားတက်စရာပါပဲ။ အာရှဒေသရဲ့ နောက်ဆုံး စီးပွားရေးဥပစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ပိုမို ကျယ်ပြန့်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့ ခိုင်မာအားကောင်းတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုဆိုင်ရာ ပလက်ဖောင်းတွေကို အသုံးချပြီး စီးပွားရေးစနစ်ကြီး တစ်ခုလုံးကို တမဟုန်ချင်း တိုးတက်ပြောင်းလဲသွားစေနိုင်တဲ့ အလားအလာကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒီအချိန်မှာ KBZPay ကလည်း မြန်မာနိုင်ငံက အသုံးပြုသူ သန်းပေါင်းများစွာကို သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် နေ့စဉ်သုံး ဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချမှုအပြည့်နဲ့ အလွယ်တကူ ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ပေးနေတဲ့အပြင် သူတို့ရဲ့ ငွေကြေးစီမံဆောင်ရွက်တဲ့ ပုံစံကိုလည်း ပြောင်းလဲပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ယနေ့အထိ KBZPay ပလက်ဖောင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော ငွေလွှဲလုပ်ဆောင်ချက်များ၏ ပမာဏမှာ အမေရိကန်ဒေါ်လာ (၉) သန်းကျော် ရှိနေပြီဖြစ်ပြီး သန်းပေါင်းများစွာသော ပြည်သူများအား ငွေကြေးဆိုင်ရာနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ်အဖြစ် ရယူထိတွေ့နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မကြာသေးမီကပင် KBZPay ပလက်ဖောင်းမှ ဈေးဝယ်ချေးငွေနှင့် ကိုယ်ပိုင်ချေးငွေများ၊ ဒစ်ဂျစ်တယ် အသက်အာမခံနှင့် KBZPay ပလက်ဖောင်း ကို အသုံးပြုပြီး ပရဟိတ အဖွဲ့အစည်းများကို လှူဒါန်းနိုင်မည့် ‘အလှူဒါန’ လုပ်ဆောင်ချက်များကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ပလက်ဖောင်းအသုံးပြုမှု ပိုမို များပြားလာစေရန် မြှင့်တင်ပေးနိုင်ခဲ့သည်။

“KBZPay က ဘဏ်ခွဲ အဆောက်အဦးတွေရဲ့ ပြင်ပအထိ ဘဏ်ဝန်ဆောင်မှုတွေ ပေးနိုင်အောင်ဆောင်ရွက်ပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပုံတွေရဲ့ ဦးတည်ချက်ကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ့် ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေဖို့ အခြေခံအုတ်မြစ်တွေ ချထားနိုင်အောင်လည်း ကူညီပံ့ပိုးပေးနေပါတယ်။ ကျွန်မတို့ ကမ္ဘောဇဘဏ်အနေနဲ့ ပြည်သူအားလုံး ရာနှုန်းပြည့် ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖော်ဆောင်ဖို့နဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ လူမှုအသိုက်အဝန်းအတွက် ပံ့ပိုးကူညီပေးဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မာလင်း က ဖြည့်စွက်ပြောကြားသည်။

မာလင်းသည် ကမ္ဘောဇဘဏ်၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အသွင်ကူးပြောင်းမှုအတွက်လည်း ဉီးဆောင်လျက်ရှိပြီး ကြီးမားသည့် အဖွဲ့အစည်းများအတွက် ဝန်ဆောင်မှုပေးနိုင်သည့် Wholesale Banking ဆိုင်ရာ ဌာနခွဲတစ်ခုကို စတင်ဖွဲ့စည်းခဲ့သည်။ သူမ အစပြုခဲ့သော လမ်းကြောင်းဖြင့် ကမ္ဘောဇဘဏ်တွင် လုပ်ငန်းရှင်တစ်ဦးကဲ့သို့ တွေးခေါ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ဝန်ထမ်းများ မွေးထုတ်ပေးနိုင်သော လုပ်ငန်းခွင်တစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ အဆိုပါ ဝန်ထမ်း၊ အဖွဲ့များသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် ဘဏ်လုပ်ငန်း နယ်ပယ်အတွက် မည်သည့်တိုင်းအတာအထိသာ ဖြစ်နိုင်ခြေရှိသည်ဟူသော ကန့်သတ်ချက်များကို ကျော်လွန်နိုင်ရန် အဘက်ဘက်မှ ပူးပေါင်းလုပ်ကိုင်ကြပြီး အမြန်ဆုံး တိုးတက်စေမည့် နည်းဗျုဟာများကို ဝိုင်းဝန်းရှာဖွေကာ နောက်ဆုံးပေါ် ဘဏ်ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို အတူတကွ ပူးပေါင်းဖန်တီးရေးဆွဲ ကြပါသည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေး တိုးတက်မှုနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ဖို့အတွက် ပြည်သူ အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ရှိဖို့နဲ့ ကျား၊ မ တန်းတူညီမျှမှုရှိဖို့က အဓိက အရေးကြီးပါတယ်။ အခုဆိုရင် ထောင်ပေါင်းများစွာသော အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ငွေကြေးတွေကို လုံခြုံမှုရှိရှိ စီမံခန့်ခွဲဖို့ သိမ်းဆည်းထားနိုင်မယ့်အပြင် အသုံးပြုသူ သန်းပေါင်းများစွာနဲ့ လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်နိုင်ဖို့ ပလက်ဖောင်းတစ်ခုအဖြစ် KBZPay ကို အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒီပလက်ဖောင်းတွေကို ပံ့ပိုးလုပ်ကိုင်ပေးနေတဲ့ အကြီးတန်း ခေါင်းဆောင်ပိုင်းနေရာ (၅) နေရာမှာ (၃) နေရာက အမျိုးသမီးတွေကို ခန့်အပ်တာဝန်ပေးထားတဲ့အတွက် ကမ္ဘောဇဘဏ်ရဲ့ အမျိုးသမီးခေါင်းဆောင်သူတွေ အများကြီး ပါဝင်လုပ်ကိုင်နေတယ်လို့လဲ ပြောလို့ရပါတယ်။ အခုလို ဘဏ်ထဲမှာရော၊ ဘဏ်ပြင်ပမှာပါ သာတူညီမျှ အခွင့်အရေး ရကြစေဖို့ အလေးထား ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု မာလင်း က ပြောသည်။

၂၀၂၀ ခုနှစ်အတွက် ASEAN Entrepreneur Award ကို အာဆီယံ-ကိုရီးယား စင်တာနှင့် Maekyung Media တို့ ပူးပေါင်းစီစဉ်ကျင်းပပြီး အာဆီယံဒေသအတွင်းရှိ ထူးချွန်ထက်မြက်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များအား ပေးအပ်ချီးမြှင့်သည့် ဆုပေးပွဲတစ်ခု ဖြစ်ပါသည်။ ယခုနှစ်တွင် ပဥ္စမအကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ပြီး
အင်ဒိုနီးရှားမှ e-commerce လုပ်ငန်း Bukalapak ၏ CEO ဖြစ်သူ Rachmat Kaimuddin ၊ ဗီယက်နမ်မှ logistics ကုမ္ပဏီ Abivin ၏ CEO ဖြစ်သူPham Nam Long တို့လည်း ဆုချီးမြှင့်ခြင်း ခံရသည်။

korea_price.jpg

ယခင်နှစ်များအတွင်း ဆုရရှိခဲ့ကြသည့် အာဆီယံဒေသအတွင်းရှိ နိုင်ငံအသီးသီးမှ ထူးချွန်သူများနှင့် ဆန်းသစ်တီထွင်မှုကို ဦးစားပေးသည့် စီးပွားရေးလုပ်ငန်းများမှာ GO-JEK တည်ထောင်သူ Nadiem Makarim ၊ TH Group ၏ Chairwoman ဖြစ်သူ Thai Huong နှင့် Traveloka ၏ CEO ဖြစ်သူ Ferry Unardi အစရှိသူတို့ ဖြစ်ပါသည်။

ဆုပေးပွဲကျင်းပရေး အဖွဲ့အစည်းများနှင့် တောင်ကိုရီးယား၏ အာဆီယံမစ်ရှင်အဖွဲ့တို့ အသေးစိတ် တိုင်ပင်ဆွေးနွေးအပြီးတွင် ယခုနှစ်အတွက် ဆုများကို စက်တင်ဘာလ ၁၆ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်မည့် 21st World Knowledge Forum အတွင်း ပေးအပ်သွားမည် ဖြစ်ပါသည်။ ASEAN Entrepreneur Award အစီအစဉ်ကို အာဆီယံနှင့် ကိုရီးယားနိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ပိုမို ခိုင်မာစေရန် ရည်ရွယ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘောဇဘဏ် အကြောင်း

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ လူမှုဘဝ အရည်အသွေးကို ဘဏ်လုပ်ငန်းမှတစ်ဆင့် တိုးမြှင့်ရန်ဟူ၍ ဖြစ်သည်။

ကမ္ဘောဇဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ retail နှင့် commercial ဘဏ်လုပ်ငန်းတွင် ဈေးကွက်၏ ၄၀% ကို ရယူထားပါသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူ လူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာသဘောပေါက် နားလည်သည့်အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍကို၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာ ကဏ္ဍများတွင် ရှေ့ပြေးဦးဆောင်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပိုမိုလွတ်လပ်ကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများရှိလာမည့်အတွက် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ဖြစ်ထွန်းနေသည့် မြို့ကြီးများ၊ စွန့်ဦးတီထွင်သူများ၊ ဒေသတွင်း လူမှု အသိုက်အဝန်းများကို အရေးပါ၍ အချက်အချာကျသည့် ပေါင်းကူးတံတားအဖြစ် ပံ့ပိုးပေးလျက် ရှိပါသည်။

KBZPay အကြောင်း

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

Read times
Rate this item
(0 votes)