မြို့တော်အသံလွှင့်ဌာန City FM ၏(၁၉)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား အွန်လိုင်းထုတ်လွှင့်ပြသမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရွှေနေခြည်ဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် သည့် မြို့တော်အသံလွှင့်ဌာန City FM ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင်

တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သတင်းများ၊ အားကစား၊ အနုပညာ၊ ပညာပေး အစီအစဉ်၊ ဖျော်ဖြေရေး အစီအစဉ်များကို ပြည်သူများထံ သိရှိနိုင်ရန် City FM 88.9 MHz မှ နေ့စဉ် (၂၄)နာရီ ထုတ်လွှင့်ပေးလျက်ရှိကြောင်းသိရသည်။

ယင်းသို့ ထုတ်လွှင့်နိုင်ရန် ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ အနုပညာရှင်များ၏ ပူးပေါင်းပါဝင်ကူညီဆောင် ရွက် မှုကြောင့်ဖြစ်ပြီး အဆိုပါ အနုပညာရှင်များကို နှစ်စဉ်ဂုဏ်ပြုဆုပေးပွဲနှင့် ဖျော်ဖြေရေးအခမ်းအနားကို မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြောင်းသိရသည်။

ယခုနှစ်ကျင်းပမည့် City FM (၁၉)နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်နေသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဧည့်ပရိတ်သတ်မပါဘဲ Virtual Show အဖြစ် ကျင်းပဆောင်ရွက် သွားမည် ဖြစ်သည်။

မြို့တော်အသံလွှင့်ဌာန City FM (၁၉)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၃၀-၁-၂၀၂၁ စနေနေ့ ည ၈ နာရီသတင်းများ အပြီးတွင် MRTV Channel မှ ထုတ်လွှင့်ပြသ သွားမည့်အပြင် MRTV တွင် မအားလပ်၍ မကြည့်လိုက်ရသူများအတွက် MRTV Facebook Page နှင့် 50-TV Application တွင် ကြည့်ရှု့နိုင်ကြောင်း သိရသည်။

ယင်းအခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ဧရာဝတီဘဏ်မှ ပူးပေါင်းပါဝင်ကူညီမှုနှင့်အတူ ကြိုတင်ရိုက်ကူးရေး လုပ်ငန်းများကို တေးရေး မင်းချစ်သူ၊ စီစဉ်ညွှန်ကြားပြီး 50-TV အဖွဲ့သားများက ဖျော်ဖြေရေး အစီအစဉ်များကို လှပသေသပ်စွာနှင့် COVID-19 စည်းကမ်းနဲ့အညီ ဆောင်ရွက်ထားကြောင်းနှင့် တေးသံရှင် ဇော်ဝင်းထွဋ်၊ သားသား၊ ဖြိုးပြည့်စုံ၊ ETERNAL GOSH, ဖြိုးမြတ်အောင်၊ HANGOVER ii , မေဆွိ၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ဂျူ ဝယ်လ်၊ ဘာဘရာ၊ မေလသံစဉ်၊ ချမ်းမြေ့မောင်ချိုတို့က EMPEROR, ETERNAL GOSH+ DORON နှင့် THAR THAR တီးဝိုင်းများနှင့် အတူ ဖျော်ဖြေကြမည် ဖြစ်ကြောင်းသိရသည်။

မြို့တော်သတင်း

Read times
Rate this item
(0 votes)