တစ်ကမ္ဘာလုံးအတွက် ချစ်ပ်တွေ ဒိုင်ခံထုတ်တဲ့ TSMC က ပြည်ပမှာ စက်ရုံများ ထားရှိရန် စီစဉ်

တစ်ကမ္ဘာလုံးအတွက် ချစ်ပ်တွေ ဒိုင်ခံထုတ်တဲ့ TSMC က ပြည်ပမှာ စက်ရုံများ ထားရှိရန် စီစဉ်နေပါတယ်။

တစ်ကမ္ဘာလုံးအတွက် ချစ်ပ်တွေ ဒိုင်ခံထုတ်လုပ်ပေးနေတဲ့ Taiwan Semiconductor Manufacturing Co Ltd (TSMC) က အီးယူရဲ့ တောင်းဆိုချက်ကြောင့် ဂျာမနီနိုင်ငံမှာ စက်ရုံတွေ တည်ဆောက်ဖို့ စတင်ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိပါတယ်။ တည်ဆောက်ဖြစ်မယ်ဆိုတာကို ပြောဖို့တော့ စောလွန်းနေသေးတယ်လို့ ဆိုပါတယ်။

ဥရောပကော်မရှင်က ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုကို ဥရောပမှ လုပ်ကိုင်ဖို့ နည်းလမ်းတွေ ရှာကြံဆောင်ရွက်လျက် ရှိပြီး ဥရောပမှ ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ဈေးကွက်ထဲ ချစ်ပ်ရှားပါးမှုဒဏ်မှ ဥရောပ လွတ်ကင်းအောင် ကြံဆောင်နေတာ ဖြစ်ပါတယ်။ ချစ်ပ် ထုတ်လုပ်တဲ့လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Intel နဲ့ TSMC တို့နဲ့ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါတယ်။

ယခုအခါ ပေါ်ပေါက်နေတဲ့ ချစ်ပ် အလုံအလောက် မရရှိမှုကြောင့် မော်တော်ယာဉ် ထုတ်လုပ်မှုများ စီးရေအမြောက်အမြား လျှော့ချနေရတဲ့အပြင် ဖုန်းတွေ လက်ပ်တော့တွေနဲ့ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေ ထုတ်လုပ်မှုကိုလည်း ထိခိုက်စ ပြုနေပါပြီ။ တိုင်ဝမ်အခြေစိုက် TSMC ဟာ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်စနစ်ဖြင့် ချစ်ပ်ထုတ်လုပ်သူ ဖြစ်တာကြောင့် ပြဿနာဖြေရှင်းဖို့ ဗဟိုချက်မှာ ရောက်ရှိနေပြီး ဖိအားပေးခံနေရပါတယ်။

တုံ့ပြန်တဲ့အနေဖြင့် TSMC က စက်ရုံအသစ်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် နိုင်ငံတို့မှာ တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း ဇူလိုင်လလယ်ပိုင်းမှာ အသိပေးကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေဖြင့် သူ့ရဲ့ ချစ်ပ်ထုတ်လုပ်မှုတွေကို တိုင်ဝမ် တစ်နေရာတည်းမှာ ထားရှိလုပ်ကိုင်ခြင်းဟာ ရေရှည်အတွက် အားနည်းချက် ဖြစ်နေစေတယ်လို့လည်း သုံးသပ်ပါတယ်။ တိုင်ဝမ်နဲ့ နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ ပထဝီအရ နီးကပ်နေတဲ့တိုင်ဝမ် တစ်နေရာတည်းအစား ပြည်ပနိုင်ငံတွေမှာပါ ဖြန့်ကျက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး စက်ရိံတစ်ခုကို အာရီဇိုးနားပြည်နယ်မှာ တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်။
ထုတ်လုပ်နိုင်မှု ပမာဏ တိုးချဲ့ရန်အတွက် လာမယ့် သုံးနှစ်တာအတွက် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ TSMC က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အထူးသဖြင့် အရည်အသွေးနဲ့ အဆင့်အတန်းမြင့်မားဖို့ လိုအပ်တဲ့ ချစ်ပ်တွေကို တိုးချဲ့ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

 

တစ်ကမ္ဘာလုံးအတွက် ဒိုင်ခံထုတ်တဲ့ တိုင်ဝမ်ချစ်ပ်လုပ်ငန်း ပြဿနာ

 

 

Read times
Rate this item
(0 votes)