ချစ်ပ်မလုံလောက်မှု ပြဿနာ စမတ်ဖုန်းတွေဆီ ကူးစက်

ကမ္ဘာ့ ချစ်ပ်မလုံလောက်မှု ပြဿနာမှ စမတ်ဖုန်းတွေ အနည်းနဲ့အများ ကင်းဝေးနေခဲ့ကြတယ်။

ဖုန်းထုတ်လုပ်သူတွေက သူတို့ လိုအပ်တဲ့ ချစ်ပ်တွေကို အစောကတည်းက ကြိုတင်ဝယ်ယူပြီး သိုလှောင်ထားလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ ကြိုလှောင်ထားတာတွေ ကုန်သွားရင် ထပ်ဝယ်လို့ ရဖို့ မသေချာတော့တဲ့အဖြစ်ကို ရင်ဆိုင်လာကြရတယ်။

Apple ရဲ့ CEO ဖြစ်သူ Tim Cook က ချစ်ပ် လိုသလောက် မရတာကြောင့် iPhone နဲ့ iPad အပါအဝင် Apple ရဲ့ ထုတ်ကုန်တွေ လျှော့ထုတ်ခဲ့ရရင် အရောင်းကို ထိခိုက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ အရွယ်အစား ပိုငယ်တဲ့ ထုတ်လုပ်သူတွေ ဖြစ်ကြတဲ့ တရုတ်မှ Lenovo နဲ့ TCL ဖင်လန်မှာ HMD Global တို့ ချစ်ပ်မလုံလောက်မှုကို စတင်ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။

ကွန်ပျူတာချစ်ပ် မလုံလောက်တဲ့ပြဿနာက ကားတွေမှအစ ဗီဒီယိုဂိမ်းစက်တွေအလယ် လက်ပ်တော့တွေအဆုံး ဒုက္ခရောက်စေပါတယ်။ အခုတော့ စမတ်ဖုန်းတွေဆီကို စတင်ကူးစက်လာနေပါပြီ။

ဆီးမီးကွန်ဒတ်တာ လျှပ်ကူးချို့ ဖြစ်တဲ့ ချစ်ပ်တွေ လိုသလောက် မရတော့တာ အခုနှစ်မှာ စတင်ခဲ့တယ်။ Covid-19 ကပ်ရောဂါကြောင့် ထုတ်လုပ်မှုတွေ လျော့ကျကုန်တာရယ်၊ ချစ်ပ်တွေကို နေရာတကာမှာ မပါမဖြစ် သုံးစွဲမှု တိုးလာတာရယ်တို့ဟာ အဓိကကျတယ်။ Covid-19 ကြောင့် ပိတ်ထားရတဲ့ စက်ရုံတွေ ရှိတဲ့အပြင် ကျွမ်းကျင်လုပ်သားတွေ အလုပ်မဆင်းနိုင်တာလည်း ရှိတယ်။

ကားတွေမှာ ကွန်ပျူတာ တပ်ထားတော့ ချစ်ပ်တွေ လိုအပ်တာမှာ အလုံအလောက် မရလို့ စီးရေလျှော့ထုတ်နေကြရတဲ့အပြင် စက်ရုံကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ယာယီပိတ်ထားရတာတွေလည်း ရှိနေပါတယ်။

ဗီဒီယိုဂိမ်းစက်တွေလည်း ချစ်ပ်မရတဲ့ ပြဿနာ ကြုံနေရတယ်။ ဂိမ်းမာတွေက Microsoft Xbox Series X နဲ့ Sony PlayStation 5 စက်တွေရဖို့ အလုအယက် ဝယ်နေကြရတဲ့အထိ ဖြစ်ခဲ့တယ်။

စမတ်ဖုန်း ထုတ်လုပ်သူတွေမှာတော့ Apple နဲ့ Samsung လို မဟာလုပ်ငန်းကြီးတွေက ချစ်ပ်တွေ ကြိုတင်ဝယ်ယူ သိုလှောင်ထားကြလို့ အခုလက်ငင်းမှာတော့ မလုံလောက်တဲ့ ပြဿနာ မရှိသေးဘူး။ ပြီးတော့ စမတ်ဖုန်း ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေက အတွင်းကျကျ သတင်းတွေ ပိုမိုရရှိခဲ့လို့ ချစ်ပ် ရှားပါးမှု ပေါ်ပေါက်နိုင်တာကို ကြိုသိပြီး ဝယ်လှောင်ထားလိုက်ကြတာတွေလည်း ရှိခဲ့ပါတယ်။ ကားထုတ်လုပ်သူတွေကတော့ အလစ်အငိုက် ခံလိုက်ကြရတယ်။
နောက်တစ်ချက်က ကိုဗစ်ကပ်ဘေးကြောင့် စမတ်ဖုန်း ဝယ်လိုအားတွေ ၂၀၂၀ ခုနှစ်မှာ ကျဆင်းခဲ့တယ်။ ကမ္ဘာ့ရောင်းအား ၁၂.၅ % ကျဆင်းခဲ့တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ပထမ သုံးလအတွင်းမှာ ရောင်းအား ပြန်မြင့်တက်ခဲ့တာ ၂၆ % ကြီးထွားခဲ့ပါတယ်။

ဖင်လန်မှ HMD က Nokia စမတ်ဖုန်း အသစ်တချို့ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ယခုအခါ ချစ်ပ် လိုသလောက်မရတဲ့ အခက်အခဲကို ရင်ဆိုင်နေရတယ်။


Samsung က ချစ်ပ်တွေ အကြီးအကျယ် ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပေမဲ့ ချစ်ပ် မလုံလောက်လို့ ယခုနှစ်မှာ ထုတ်လုပ်ဖို့ ရှိတဲ့ Galaxy Note ထုတ်လုပ်ဖြန့်ချိမယ့် ရက်ကို ရွှေ့ဆိုင်းထားတယ်။ အမေရိကန်မှာ တည်ရှိတဲ့ သူ့ရဲ့ ချစ်ပ် စက်ရုံကို ကိုဗစ်ကြောင့် တစ်လတိုင်တိုင် ပိတ်ထားခဲ့ရတယ်။ နောက်ထပ် စက်ရုံက နှင်းမုန်းတိုင်းကျရောက်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လို့ ယာယီ ပိတ်ထားခဲ့ရတယ်။ ဗီယက်နမ်မှာ တည်ရှိတဲ့ စက်ရုံတွေကလည်း ကိုဗစ်ကူးစက်ခံ လုပ်သားတွေ တွေ့ရှိလို အစိုးရက ပိတ်ခိုင်းထားလို့ ပိတ်ထားရတယ်။
ချစ်ပ် ထုတ်လုပ်မှုတွေ လျော့ကျနေပေမဲ့ ဝယ်လိုအားက ပိုကြီးမားလာနေတာကြောင့် ချစ်ပ်တွေ ဈေးတက်ကုန်လို့ အမြတ်ကို ယခင်ကထက် ပိုရကြတယ်။ Samsung က ယခုနှစ် ဒုတိယသုံးလပတ်မှာ အမြတ် ၅၄ % ပိုရခဲ့တယ်။

စမတ်ဖုန်းတွေအပေါ် ချစ်မလုံလောက်တဲ့ပြဿနာ ရိုက်ခတ်မှုက ပြင်းထန်မှာတော့ မဟုတ်ဘူး။ ထုတ်လုပ်မှု ပမာဏ ၁၀ % လောက်အထိ လျှော့ချလိုက်ရတာမျိုးတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။
ဖုန်းအသစ် ဝယ်ယူသူတို့အဖို့ တချို့ ဖုန်းမော်ဒယ်တွေ ပစ္စည်းပြတ်တာ ကြုံရနိုင်တယ်။ ဈေးပိုပေးရတာတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ထားကြတယ်။
အထူးသဖြင့် ဈေးချိုတဲ့ ဖုန်းတွေမှာ သုံးစွဲတဲ့ ချစ်ပ်တွေ ရှားပါးပြတ်လပ်နေတာဖြစ်လို့ iPhone 12 လို အမြင့်တန်း စမတ်ဖုန်းတွေမှာ ချစ်ပြဿနာ သိပ်မကြီးမားပေမဲ့ iPhone XS လို အနိမ့်တန်း စမတ်ဖုန်းတွေအတွက် ချစ်ပ်တွေ လိုသလောက် ရနိုင်မှာ မဟုတ်ဘူး။ Samsung, LG, Xiaomi , Huawei စတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအဖို့ အနည်းနဲ့အများ ခေါင်းခဲစရာ ဖြစ်နေမယ်လို့ ဆိုပါတယ်။


Source CNBC

Read times
Rate this item
(0 votes)