ချစ်ပ်ဈေးနှုန်းများ ၂၀၂၂ အထိ ဆက်လက်မြင့်တက်

ချစ်ပ်အမျိုးမျိုးတို့ရဲ့ ဈေးနှုန်းများ၊ ချစ်ပ်ထုတ်လုပ်တဲ့ စက်ကိရိယာဈေးနှုန်းများ ၂၀၂၂ အထိ ဆက်လက်မြင့်တက်နေမှာ ဖြစ်ပြီး

စမတ်ဖုန်း၊ လက်ပ်တော့ အစရှိတဲ့ ကိရိယာများရဲ့ ရောင်ဈေးအပေါ် အနည်းနဲ့ အများ သက်ရောက်မှု ရှိလာနိုင်ပါတယ်။
Apple, Nvidia, နဲ့ Qualcomm တို့အတွက် ချစ်ပ်တွေ ထုတ်လုပ်ပေးနေတဲ့ TSMC (Taiwan Semiconductor Manufacturing Company) က ၎င်းထုတ်လုပ်တဲ့ ချစ်ပ်တွေရဲ့ ဈေးနှုန်းတွေကို ပြိုင်ဘက်လုပ်ငန်းတွေ သတ်မှတ်တဲ့ ရောင်းဈေးထက် ၂၀ % ဝန်းကျင် ပိုဈေးတင်ထားစမြဲဖြစ်ပါတယ်။

ယခုအခါ TSMC က ဆယ်နှစ်တာအတွင်း အကြီးမားဆုံး ဈေးထပ်တင်ခြင်းဖြစ်မယ့် ဈေးနှုန်းသစ်တွေကို သတ်မှတ်တော့မှာ ဖြစ်ပါတယ်။

အခုလို ဈေးတင်ရတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ သိုလှောင်သယ်ပို့စရိတ် မြင့်တက်နေတယ်။ ဝယ်လိုအား အသည်းအသန် ဖြစ်နေတယ်။ စမတ်ဖုန်းတွေအတွက် ချစ်ပ်တွေ အလုံအလောက် ဝယ်လှောင်ထားချင်လို့ လိုတာထက် ပိုပြီး ဝယ်နေကြတယ်။ TSMC ရဲ့ ပြိုင်ဘက်လုပ်ငန်းတွေက ချစ်ပ်ရောင်းဈေးကို မြှင့်တင်လိုက်ကြတယ်။ ဒီတော့ သူတို့ထက် ပိုမြင့်တဲ့ ဈေးနှုန်းတွေကို TSMC က သတ်မှတ်တော့မှာ ဖြစ်ပါတယ်။
လိုအပ်တာထက် နှစ်ဆ ကြိုတင်မှာကြားတာကို ယမန်နှစ်ကတည်းက စမတ်ဖုန်း လုပ်ငန်းတွေ စတင်မှာကြားခဲ့ကြတယ်။ သို့ဖြစ်ရာ TSMC အနေဖြင့် လောလောဆယ် တကယ်လိုအပ်တဲ့ ပမာဏကို မှန်းဆလို့ မရတော့ဘူး။ ချစ်ပ်တွေ လိုအပ်ချက် အလျင်မီအောင် ထုတ်လုပ်မယ့် ပမာဏကို သိဖို့ ခဲ့ယဉ်းသွားတယ်လို့ TSMC ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချစ်ပ်ဈေးတက်တာကြောင့် စမတ်ဖုန်း ရောင်းဈေးတွေ အနည်းနဲ့အများ ဈေးတက်နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ များသောအားဖြင့် ဖုန်းအသစ် စထွက်ခါစမှာ ဖုန်းရောင်ဈေးနှုန်းရဲ့ ၅% မှ ၁၀% အထိ အမြတ်တင်ထားလေ့ ရှိပါတယ်။ အလယ်အလတ်တန်း စမတ်ဖုန်းတွေမှာ တင်ထားတဲ့ အမြတ် ရာခိုင်နှုန်းက ချစ်ပ် ဈေးတက်တဲ့ပမာဏကို ကာမိဖို့ ခဲယဉ်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Apple အနေဖြင့် ၎င်းရဲ့ A-series နဲ့ M-series ချစ်ပ်တွေ ဈေးနှုန်းအသစ် အမြင့်ဖြင့် ပေးချေရတော့မှာ ဖြစ်ပါတယ်။ အဆင့်မြင့် sub-7nm နည်းပညာကို သုံးစွဲ ထုတ်လုပ်ရတာဖြစ်လို့ TSMC ထံမှာသာ A-series နဲ့ M-series ချစ်ပ်တွေကို ထုတ်လုပ်နိုင်ပါတယ်။ တစ်လက်ကိုင် ဖြစ်နေတဲ့အတွက် Apple သုံးနေကျ မဟာဗျူဟာ ဖြစ်တဲ့ ပြိုင်ဘက်တွေအကြား ဈေးအနည်းဆုံးကို ရွေးချယ်ဖို့ ထုတ်လုပ်သူတွေအကြား ဈေးနှုန်း ယှဉ်ပြိုင်ခိုင်းပြီး အသက်သာဆုံး ထုတ်လုပ်သူနဲ့ ကန်ထရိုက် စာချုပ် ချုပ်ဆိုတဲ့နည်းလမ်း သုံးလို့ မရနိုင်ဘူး။
iPhones, iPads, နဲ့ new Macs တို့မှာ သုံးစွဲတဲ့ A-series နဲ့ M-series ချစ်ပ်တွေကို TSMC ကုမ္ပဏီတစ်ခုတည်းသာ ထုတ်လုပ်နိုင်ပါတယ်။ ဒီတော့ TSMC ထံမှ ချစ်ပ်တွေကို တက်ဈေးဖြင့် ဝယ်ယူသုံးစွဲရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)