Huawei က Honor စမတ်ဖုန်းအမှတ်တံဆိပ်ကို အပြီးအပြတ်ရောင်းချ

Huawei သည် Honor အမှတ်တံဆိပ် စမတ်ဖုန်းလုပ်ငန်းကို ရောင်းချခြင်း အပြီးသတ် လုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။

Huawei သည် Huawei Consumer Business Group လက်အောက်ရှိ စမတ်ဖုန်းအမှတ်တံဆိပ် Honor အား အေးဂျင့် နှင့်အရောင်းကိုယ်စားလှယ်များ၃၀ ကျော် ပါဝင်သည့် အဖွဲ့အား ရောင်းချခဲ့သည်။
ဝယ်ယူသူများက Shenzen Zhixin New Information Technology အမည်ရှိ ကုမ္ပဏီသစ်ကို ထူထောင်ပြီး ယင်းကုမ္ပဏီအနေဖြင့် ဝယ်ယူခဲ့ကြသည်။
ရောင်းချပြီးသည့်အခါ Huawei သည် Honor အမှတ်တံဆိပ် စမတ်ဖုန်းလုပ်ငန်းတွင် ရှယ်ယာတစ်ခုမှ ပိုင်ဆိုင်မည် မဟုတ်ချေ။ Honor အမှတ်တံဆိပ် စမတ်ဖုန်းလုပ်ငန်းတွင် ရှိသော သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ပေးသွင်းကွင်းဆက် စီမံခန့်ခွဲမှုနှင့် အခြား Honor ၏ ပိုင်ဆိုင်မှုများ အစစအရာရာတို့ကို ကုမ္ပဏီသစ်က လုံးလုံးလျားလျား ပိုင်ဆိုင်မည် ဖြစ်သည်။ Honor တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း ခုနစ်ထောင်ကျော်တို့သည်လည်း ကုမ္ပဏီသစ် လက်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ပိုင်ဆိုင်သူ ပြောင်းသွားသော်လည်း Honor သည် ယခင်အတိုင်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ပြီး ုထတ်လုပ်ရန် စီစဉ်ထားသည့် စမတ်ဖုန်း အသစ်များကိုလည်း ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်။
Huawei သည် စမတ်ဖုန်း အမြင့်တန်းကိုသာ စူးစိုက်လုပ်ကိုင်မည် ဖြစ်ပြီး Honor သည် စမတ်ဖုန်း အလယ်အလတ်တန်းကို ယခုလက်ရှိအတိုင်း ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်။
အဆိုပါ အရောင်းအဝယ်အတွက် ငွေကြေးပမာဏကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလျံ ဝန်းကျင်တွင် ဖြစ်မည်ဟု ခန့်မှန်းကြသည်။

Read times
Rate this item
(0 votes)