ယာဉ်မောင်းလိုင်စင်နဲ့ IDတို့ကို နာရီပေါ် တင်ပေးမယ့် Apple

Apple က အမေရိကန်နိုင်ငံ ပြည်နယ် ရှစ်ခုတို့မှာ သုံးစွဲသူတွေရဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ID တို့ကို iPhone နဲ့ Apple Watch တို့အတွက် Apple Wallet မှာ တရားဝင် တင်ပေးဖို့ စီစဉ်နေပါတယ်။

အဦးဆုံးအဖြစ် အာရီဇိုးနားနဲ့ ဂျော်ဂျီယာ ပြည်နယ်တွေမှာ စတင်လုပ်ဆောင်သွားမယ်လို့ Apple က ထုတ်ပြန်ကြေညာပါတယ်။ ပြီးရင် ကျန်တဲ့ ပြည်နယ်ခြောက်ခု ဖြစ်တဲ့ Connecticut, Iowa, Kentucky, Maryland, Oklahoma နဲ့ Utah တို့မှာ ဆက်လက်အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ID ဖန်တီးဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ကို ပို့ဆောင်ရေးဌာနတွေနဲ့ ပူးပေါင်း လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ခရီးသွားလာတဲ့အခါ လေယာဉ်ကွင်း ချက်အင်လို စစ်ဆေးတဲ့နေရာတွေမှာ အသုံးပြုလို့ ရအောင် စီမံဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းလိုင်စင်နဲ့ အိုင်ဒီကတ်တို့ကို ဒဲဘစ် သို့မဟုတ် ခရစ်ဒစ် ကတ်ကို Apple Wallet မှာ မှတ်ပုံတင်တဲ့အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ လုံခြုံစိတ်ချစေရေးအတွက် အဆင့်တချို့ ဖြည့်ထည့်ထားတယ်လို့ Apple က ဆိုပါတယ်။

ID ကတ်ကို iOS သုံးစွဲတဲ့ ကရိယာဖြင့်သာ scan ဖတ်ရမှာ ဖြစ်ပြီး selfie ကိုလည်း iOS သုံးစွဲတဲ့ ကရိယာဖြင့်သာ ရိုက်ရမှာ ဖြစ်ပါတယ်။ scan ဖတ်ထားတာရယ်၊ selfie ပုံရယ် တို့ကို သက်ဆိုင်ရာ ပြည်နယ်ရုံးထံ ပေးပို့ပြီး အတည်ပြုချက် ရယူရမယ်။ အဲဒီအတွက် မသက်ဆိုင်သူထံ ရောက်မသွားအောင် လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ပေးထားတယ်။ လုံခြုံစိတ်ချရစေဖို့အတွက် မျက်နှာအမူအရာ တချို့ဖြင့် selfie ပုံ ရိုက်ပေးဖို့ လိုအပ်မှာ ဖြစ်ပြီး ခေါင်းကို လှည့်ပြီး အတည့် ဘေးတိုက် စတဲ့ပုံတွေ ရိုက်ဖို့လည်း လိုအပ်မှာ ဖြစ်တယ်လို့ Apple က အသိပေးထားပါတယ်။

ID ကတ်ကို ဒစ်ဂျစ်တယ်အသွင်ဖြင့်သာ တခြားသူက ကြည့်လို့ ရမှာဖြစ်ပြီး မူရင်း ID ကတ်ကိုတော့ ပိုင်ရှင်ကိုယ်တိုင်သာ သူလက်ရှိ သုံးစွဲနေတဲ့ iPhone သို့မဟုတ် Apple Watch ဖြင့် ကြည့်လို့ ရမှာ ဖြစ်ပါတယ်။

အဲဒီကိစ္စအတွက် ID feature အသစ်ကို မကြာခင်မှာ ဖြန့်ဖြူးပေးမယ့် iPhone software update မှာ ထည့်သွင်းပေးထားမယ်လို့ Apple က အသိပေးထားပါတယ်။

Read times
Rate this item
(0 votes)