ဖုန်းရေစိုရင် ဆန်ပုံးထဲ ထည့်ထားလိုက်ရမလား

ဖုန်းတွေ ရေမဝင်အောင် ဖုန်မှုန်မဝင်အောင် တားဆီးကာကွယ်ပေးထားတာကို ဝင်ခွင့်ကာကွယ်ထားခြင်း 'Ingress Protection' ဖြင့် တိုင်းတာ ဖော်ပြကြပါတယ်။

အတိုကောက်အားဖြင့် IP လို့ သုံးနှုန်းပြီး နောက်မှာ ဂဏန်း ၂ လုံး ဖော်ပြကြတယ်။ ကာကွယ်ပေးထားနိုင်တဲ့ အတိုင်းအတာ အနည်းအများကို ဖော်ပြအသိပေးထားတာ ဖြစ်ပါတယ်။

ဂဏန်း ၂ လုံးမှာ ရှေ့ဂဏန်းက အစိုင်အခဲအမှုန် (ဥပမာဖုန်မှုန်) ဝင်မလာအောင် ကာကွယ်ပေးနိုင်စွမ်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သုညကနေ ၆ အထိ ရှိပါတယ်။ ဂဏန်းကြီးလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ၆ ဆိုရင် အမြင့်ဆုံးကာကွယ်ပေးတဲ့ နံပါတ် ဖြစ်ပါတယ်။ ၁၀၀% လုံနေအောင် ကာကွယ်ပေးထားပါတယ်။ ‘X’ လို့ ဖော်ပြထားရင် ဖုန်လုံတဲ့ အတိုင်းအတာ အသေအချာမပြောနိုင်ကြောင်း အသိပေးထားတာ ဖြစ်ပါတယ်။

ဒုတိယဂဏန်းကတော့ ရေကြောင့် ပျက်စီးရခြင်းကို ကာကွယ်ပေးနိုင်တဲ့ ရေချိန် ဖြစ်ပါတယ်။ သုညကနေ ၉ အထိ ရှိပါတယ်။ အများဆုံး 6 နဲ့ 7 အထိသာ လုံကြပါတယ်။

ရေကြောင့် ဖုန်းပျက်စီးရတာနဲ့ ပတ်သက်လို့ အသုံးအနှုန်း နှစ်ခု ရှိပါတယ်။
water resistance နဲ့ waterproofing တို့ ဖြစ်ပါတယ်။
ဖုန်းအားလုံးနီးပါး waterproofing မဖြစ်ကြပါ။ ရေလုံးဝလုံတဲ့ ဖုန်းမျိုး မဟုတ်ကြပါ။
ဖုန်းတွေကို ရေမဝင်အောင် ခုခံနိုင်စွမ်း water resistance ရှိအောင်သာ ဒီဇိုင်းထုတ်ထားကြပါတယ်။ တစ်နည်းပြောရရင် ရေစိုခံ ဖုန်းတွေသာ ဖြစ်ကြပြီး ရေလုံ ဖုန်းတွေ မဟုတ်ကြပါဘူး။
ဒါပေမဲ့ ယခုအခါ ဖုန်းတွေကို နောက်ကျောဖုံး ဖွင့်မရတဲ့ ဒီဇိုင်းဖြင့် အသေပိတ်ပေးထားကြလို့ ရေမဝင်အောင် ခုခံနိုင်စွမ်း အတော်ကောင်းကြပါတယ်။ ရေလုံဖုန်း မဟုတ်ကြပေမဲ့ ရေစိုခံဖုန်းတွေ ဖြစ်ကြပါတယ်။

 

ဂဏန်းအလိုက် ရေကြောင့် ပျက်စီးခြင်း ကာကွယ်ပေးနိုင်ပုံ

X: ရေမဝင်အောင် ခုခံနိုင်စွမ်း အချက်အလက် လုံလုံလောက်လောက် မရှိလို့ အတိုင်းအတာကို မသိနိုင်ပါ။

0: ရေမဝင်အောင် ခုခံကာကွယ်ပေးနိုင်စွမ်း လုံးဝ မရှိပါ။

1: ရေထဲကို ထောင်လိုက်တည့်တည့် ပြုတ်ကျရင် ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

2: ရေထဲကို ထောင်လိုက် ၁၅ ဒီဂရီအစောင်းဖြင့် ပြုတ်ကျရင် ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

3: ရေနဲ့ ၆၀ ဒီဂရီအစောင်းဖြင့် စပရေးဖြန်းပက်တာကို ဖုန်းရဲ့ ဘက်အားလုံးအတွက် ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

4: ရေနဲ့ ဘယ်ဒီဂရီအစောင်းနဲ့ဖြစ်ဖြစ် စပရေးဖြန်းပက်တာကို ဖုန်းရဲ့ ဘက်အားလုံးအတွက် ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

5: ရေကို ဂျက်နဲ့ထိုးတာကို ဘယ်ထောင့်အစောင်းနဲ့ထိုးထိုး ဖုန်းရဲ့ ဘက်အားလုံးအတွက် ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

6: ရေကို အားပြင်းတဲ့ ဂျက်တွေနဲ့ ဝိုင်းထိုးတာကို ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

7: ရေအောက်အနက် ၁ မီတာအထိ အချိန် မိနစ် သုံးဆယ်ကြာသည်အထိ ရေထဲနှစ်မြှုပ်ထားတာကို ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

8: ရေထဲ ဆက်တိုက် နှစ်မြှုပ်ထားတာကို ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

9: ဖိအားမြင့်မားတဲ့ ရေတွေ ပတ်ပတ်လည်မှာ ရှိနေတာကို ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။


ဒီနေရာမှာ သိထားသင့်တာက IP rating မဖော်ပြပေးတာကြောင့် ဖုန်းက ရေမဝင်အောင် ကာကွယ်ပေးနိုင်စွမ်း မရှိဘူးလို့ တစ်ထစ်ချ မမှတ်ယူသင့်ဘူး။ ဖုန်းတစ်လုံးကို IP rating လက်မှတ်ရဖို့အတွက် ကုန်ကျစရိတ် အတော်ကြီးမားတယ်။ ဒီတော့ ဖုန်းထုတ်လုပ်သူတွေက အဲဒီအဆင့်ကို ကျော်လိုက်ကြတယ်။ ရေလုံလက်မှတ် ယူမနေတော့ဘူး။
နောက်ထပ် သိထားသင့်တာက ဖုန်းကုမ္ပဏီရဲ့ ဆန္ဒအလျောက် သတ်မှတ်ချက်ပြုထားတာမျိုးလည်း ရှိပါတယ်။

 

ဖုန်း ရေထိထားရင် ဘာလုပ်သင့်သလဲ
ပင်လယ်ကမ်းခြေ ဆားရည် ထိတာဆိုရင် ဆားပွင့်တွေ ဖြစ်မလာအောင် USB လို အပေါက်နေရာတွေကို သေချာ တစ်ရှုးပေပါအဖြောက်ဖြင့် ပွတ်တိုက်ပေးပါ။

ရေထိထားရင် ဖုန်းကို စက်ပိတ်ထားလိုက်ပါ။ စိုထိုင်းမှု ဖုန်းမှာ ရှိနေလို့ အနည်းဆုံး ၄၈ နာရီ ပိတ်ထားပါ။

ဆံပင်ခြောက်အောင် မှုတ်တဲ့ Hairdryer နဲ့ မှုတ်လိုက်ရင် မြန်မြန်ခြောက်တယ်ဆိုတာ အပြင်ပန်းမှာ ခြောက်သွားတာ ဖြစ်ပြီး ရေစနေနတွေ ဖုန်းထဲ အတွင်းကျကျအထိ ရောက်အောင် လေအားနဲ့ တွန်းပို့ပါတယ်။ အဲဒါကြောင့် အသုံးမပြုသင့်ပါ။ ဖုန်းကို လေမှုတ် အခြောက်ခံချင်ရင် တစ်ရှူးစက္ကူ ခပ်ထူထူ အထပ်လိုက်ခင်း ဖုန်းကို အပေါ်မှာ တင်ပြီး မလှမ်းကမ်းမှ ညင်သာတဲ့ ပန်ကာလေဖြင့် အခြောက်ခံတာက ပိုကောင်းပါတယ်။ တစ်ရှူးစိုထိုင်းထိုင်း ဖြစ်ရင် အခြောက်နဲ့ အသစ်လဲပေးပါ။
အပြင်ပန်း ခြောက်သွားတော့ စိတ်ပူနေလို့ ဖုန်းကို ပါဝါဖွင့်ကြည့်တာ စမ်းတာ မလုပ်ပါနဲ့။ ၄၈ နာရီတော့ စောင့်ပါ။
ဆန်ပုံးထဲတည့်ပြီး ဆန်ကို ရေငွေ့စုပ်ခိုင်းတာမျိုး လုပ်ရင် ဖုန်းရဲ့ USB အပေါက်ကို အောက်ဘက်မှာ ထာပြီး ထောင်လိုက် အနေအထားအဖြင့် ဆန်တွေထဲ မြှုပ်ပါ။ ရေငွေ့စုပ်တဲ့ silica အထုပ်လေးတွေ ရှိရင်လည်း သုံးလို့ ရပါတယ်။

 

ဖုန်းအမျိုးအစားအလိုက် ရေစိုခံနိုင်ပုံများ

iPhone 12 Pro Max, iPhone 12
Water resistance: IP68;
အများဆုံး ရေအနက် ပေ ၂၀ (၆ မီတာ) မိနစ် ၃၀ အထိ

iPhone 11
Water resistance: IP68;
အများဆုံး ရေအနက် ပေ ၆.၅ ( ၂ မီတာ) မိနစ် ၃၀ အထိ


Samsung Galaxy S21 Ultra, Samsung Galaxy S20 FE, Samsung Galaxy Note 20 Ultra, Samsung Galaxy S21,
Google Pixel 5, OnePlus 9 Pro
အများဆုံး ရေအနက် ပေ ၅ ( ၁.၅ မီတာ) မိနစ် ၃၀ အထိ

iPhone SE (2020)
Water resistance: IP67
အများဆုံး ရေအနက် ပေ ၃.၃ ( ၁.၅ မီတာ) မိနစ် ၃၀ အထိ

မိုဘိုင်းဖုန်းလုပ်ငန်း နယ်ပယ်မှာ ယေဘုဘျအားဖြင့် IP67 လို့ ပြောရင် မိနစ် ၃၀ ရေအနက် ၃.၃ ပေ မှာ နှစ်ထားရင် ရေမဝင်အောင် ကာကွယ်ပေးတယ်။

IP68 ဆိုရင် မိနစ် ၃၀ ရေအနက် အနည်းဆုံး ၅ ပေမှာ နှစ်ထားရင် ရေမဝင်အောင် ကာကွယ်ပေးတယ်။
Apple က IP68 လို့ ပြောရင် ၁၃ ပေ မိနစ်၃၀ ကို ဆိုလိုတယ်။

များသောအားဖြင့် စမတ်ဖုန်းတွေမှာ ကုန်ကျစရိတ်သက်သာအောင် ရေခံဆေး တစ်လွှာပါးပါးလေး မှုတ်ပေးထားလေ့ ရှိပါတယ်။ ဒီတော့ ဖုန်းကို ရေထိပြီးရင် ဖုန်းကို စက်ပိတ်ထားလိုက်ပါ။ ၄၈ နာရီ အချိန်ယူပြီး ခြောက်အောင် ထားပြီးမှ စက်ဖွင့်ကြည့်ပါ။

Read times
Rate this item
(0 votes)