တရားမဝင်ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများကြောင့် အကျိုးသက်ရောက်မှုများရှိလာနိုင်

MPT က သုံးစွဲသူများသို့ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များနှင့် ခိုင်လုံသော အထောက်အထားများ ဖြည့်သွင်းခြင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များအား ရောင်းချထားခြင်း မရှိကြောင်းသေချာစေရန် “မှန်ကန်ကြောင်းအတည်ပြုပြီးမှသာ သုံးစွဲနိုင်မည့်အနေအထားသို့ ရောက်ရှိနိုင်သည့်နည်းစနစ်” ကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

 

MPT ၏ အရောင်းကိုယ်စားလှယ်များအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဆင်မ်းကတ်များကို မှတ်ပုံတင်ခြင်းမပြုဘဲ ရောင်းချခြင်းမပြုရန် သို့မဟုတ် ကြိုတင်မှတ်ပုံတင်ထားသော ဆင်မ်းကတ်များကို သုံးစွဲသူများထံသို့ မည်သည့်နည်းဖြင့် မဆို ရောင်းချခြင်းမပြုရန် တားမြစ်ကန့်သတ်ထားသည်။


ယင်းသို့သော အချက်များကို လိုက်နာမှုမရှိပါက စည်းကမ်းချိုးဖောက်သူ မည်သူကိုမဆို ဥပဒေနှင့်အညီ ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ သတ်မှတ်ကြေညာထားသည်။

 

မိုဘိုင်းလ်ဖုန်းအသုံးပြုသူတစ်ဦးလျှင် အများဆုံး ဆင်းမ်ကတ်နှစ်ကတ်ကိုသာ မှတ်ပုံတင်၍ ကိုင်ဆောင်နိုင်ပြီး MPT သုံးစွဲသူများအနေဖြင့်လည်း မိမိတို့၏ဆင်းမ်ကတ်များအား မှတ်ပုံတင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း မရှိသည့် (သို့မဟုတ်) အဆိုပါ ဝန်ဆောင်မှုအား ဆောင်ရွက်မပေးနိုင်သည့် ရောင်းချသူများနှင့် ဆိုင်များထံမှ ဝယ်ယူခြင်းမပြုကြရန် တိုက်တွန်းထားသည်။

 

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်ကို မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ထားသော အထောက်အထားများအဖြစ် မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်ဖြင့်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် (Passport) နံပါတ်ဖြင့်သော်လည်းကောင်း တိကျခိုင်လုံစွာ ဖြည့်သွင်းရန် လိုအပ်သည်။

 

ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသူများထံမှ ကိုယ်ရေးအချက်အလက်များ တိကျမှန်ကန်မှုမရှိသော ကြိုတင် မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များကို သိရှိထားလျက်ဖြစ်စေ၊ သိရှိထားခြင်းမရှိဘဲဖြစ်စေ ဝယ်ယူကာ လက်ဝယ်ကိုင်ဆောင်ထားသော ဆင်းမ်ကတ်အသုံးပြုသူများသည် ၎င်းတို့၏ဆင်းမ်ကတ်များ ပိတ်သိမ်းသွား မည်ဖြစ်သည်။

 

မိမိတို့၏ဆင်းမ်ကတ်များကို မိမိတို့၏ တရားဝင်အမည်နှင့် မှန်ကန်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တို့ဖြင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) ဆောင်ရွက်ရာတွင် ရာဇဝတ်မှုများကျူးလွန်သူများ၏ မသမာမှုများကို ထိရောက်စွာ ရှောင်ရှားနိုင်မည်ဖြစ်သည်။


ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းသည် အမှန်တကယ်သုံးစွဲသူတို့ အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရ ခြင်းတို့မှ ကာကွယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်မည်လည်း ဖြစ်သည်။

 

သုံးစွဲသူများအား ရောင်းချသူများထံမှ ကြိုတင် မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲခြင်းမှလည်း တားမြစ်ကန့်သတ်ထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) က တရားမဝင် ကြိုတင်စာရင်းသွင်းမှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ပြန်လည်ရောင်းချခြင်းနှင့်ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားကာ လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကာ စည်းမျဉ်းစည်းကမ်းများအရ ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် ၎င်းတို့မှ သတ်မှတ်ထားသော အရောင်းဆိုင်များတွင်သာ ဆင်းမ်ကတ်အသစ်များ ရောင်းချခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားကြောင်း သိရသည်။

 

Transcom News Journal

Read times
Rate this item
(0 votes)