အခက်ခဲဆုံးအချိန်မှာ TikTok ကို တာဝန်ယူလိုက်တဲ့ အမျိုးသမီး

လွန်ခဲ့သောခြောက်ပတ်က TikTok သည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား

တင်းမာမှုများမြင့်တက်လာခြင်းကို ရင်ဆိုင်ခဲ့ကြရသည့်အခါ လူမှုမီဒီယာအက်ပ်း TikTok ၏ ထိပ်တန်းအမှုဆောင်များသည်သူတို့၏ နောက်ခြေလှမ်းများအတွက် အတူတကွ လမ်းစအဖြေရှာခဲ့ကြသည်။

အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ Vanessa Pappas သည် ၂၀၁၈ ခုနှစ်တွင် TikTok မှာ စတင်လုပ်ကိုင်ခဲ့သည်။ သူမသည် TikTok ၏ မြောက်အမေရိကစီးပွားရေးလုပ်ငန်း အခြေအနေ အရပ်ရပ်အတွက် စိုးရိမ်တကြီးဖြစ်စရာကို ရင်ဆိုင်ရသည်။ သမ္မတထရန့် သည် TikTok ၏ ပိုင်ရှင်ဖြစ်သော ByteDance သည် တရုတ်အိုင်တီလုပ်ငန်း ဖြစ်နေသောကြောင့် TikTok အား ပိတ်ပင်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ TikTok ကို အသုံးပြုသောသူ ဦးရေ သန်း ၁၀၀ ကျော်သော လူအများအပြားသည် လက်ချင်းချိတ်ပြီး စည်းလုံးလိုက်ကြသည်ကို တွေ့ရသည်။

သြဂုတ်လ ၁ ရက်နေ့ အစောပိုင်းမှာ မစ္စပါပက်စ်က TikTok ရဲ့ အမာခံ ပရိသတ်များ စိတ်အေးရစေဖို့ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့တွင် တည်ရှိသော သူမ၏ အိမ်ရုံးခန်းမှာ ပြသချိန် ၅၉ စက္ကန့်ကြာသော ဗီဒီယိုကို ရိုက်ကူးခဲ့သည်။ “ သင်တို့ရဲ့ထောက်ပံ့မှုတွေ သွန်းလောင်းပေးတာကို ငါတို့ ကြားခဲ့ရတယ်၊ သင်တို့ကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျမတို့ ဘယ်နေရာကိုမှ သွားဖို့ အစီအစဉ် မရှိပါဘူး"ဟု သူမက #SaveTikTok hashtag အောက်တွင် အလျင်အမြန်ပျံ့နှံ့သွားသော ဗီဒီယို တွင်ပြောကြားခဲ့သည်။

သူမက ယခင်ကထက် ပိုပူလောင်နေပြီဖြစ်သော ထိုင်ခုံကို နေရာဝင်ယူချိန်တွင် ယခုသတင်းစကားကို မစ္စပါပပ်စ်က လူမှုကွန်ရက် တွစ်တာပေါ်တွင် ဗီဒီယို တင်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက TikTok ၏အမှုဆောင်အရာရှိချုပ်ကီဗင်မေယာက မရေရာသည့်နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး ကုမ္ပဏီမှ နုတ်ထွက်သွားခဲ့သည်။ လစ်လပ်သွားသောနေရာဖြစ်သည့် TikTok ၏ယာယီကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်အဖြစ် မစ္စပါပပ်စ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

သမ္မတ ထရန့်၏ အမိန့်အရ TikTok ၏အမေရိကန်နိုင်ငံရှိ လုပ်ငန်းအပိုင်းကို စက်တင်ဘာလ ၂၀ ရက် မတိုင်ခင် ရောင်းချဖို့ မဖြစ်မနေ လုပ်ကိုင်ဖို့ လိုအပ်သည်။ အရောင်းအဝယ်လုပ်ဖို့ သီတင်းပတ်အနည်းငယ်သာ အချိန်ကျန်တော့သည်။ Microsoft, Walmart နှင့် Oracle တို့ကဲ့သို့သော ၀ယ်ယူသူများနှင့် ရက်သတ္တပတ်အနည်းငယ်အတွင်း စေ့စပ်ညှိနှိုင်းမှုများအပြီးတွင် တရုတ်အစိုးရက TikTok ၏ အနာဂတ်အပေါ်အလေးထားမည်ဟု ဆိုလိုက်သောအခါ အစီအစဉ်များ ပျက်သွားရသည်။

အရောင်းအဝယ်ကိစ္စရပ်များတွင် သူမ ပါဝင်လုပ်ကိုင်ရခြင်း မရှိချေ။ သူမ လုပ်ကိုင်ရသည်မှာ TikTok ၏ ဖန်တီးရှင်များနှင့် သုံးစွဲသူများ ဖြစ်သည်။ ထိုသူတို့သည် ဗီဒီယိုအတိုများ ဖန်တီးပြီး TikTok တွင် တင်ကြသည်။ ကြည့်ကြသည်။ ဖြန့်ဝေကြသည်။

မစ္စပါပက်စ်က ByteDance ထူထောင်သူနှင့် စီအီးအိုဖြစ်သူ Zhang Yiming နှင့် ကြုံနေရသည့် ကိစ္စရပ်များကို ပုံမှန်ဆွေးနွေး ပြောဆိုသည်။

community အသိုင်းအဝိုင်းကို ဂရုစိုက်ပေးရာ၌ TikTok သည် ဇူလိုင်လတွင် Creator Fund ကို ထူထောင်ခဲ့သည်။ ကနဦး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထည့်ဝင်ခဲ့သည်။ ဗီဒီယို တင်ကြသူများသည် ကြည့်ရှုကြိမ်ရေအရ ဆုကြေး ပေးအပ်မည့် ရန်ပုံငွေ ဖြစ်သည်။
ကပ်ရောဂါကြောင့် လူအများတို့ အိမ်တွင်းအောင်းပြီး နေကြရသောကြောင့် အွန်လိုင်း ပိုတက်ဖြစ်သည်ဖြစ်ရာ TikTok ကို ပိုလာဖြစ်ပြီး လှုပ်လှုပ်ရှားရှားပိုဖြစ်လာအောင် “It starts on TikTok” ခေါင်းစဉ်အောက်တွင် popular creators ၃၀ ဦးကျော်ကို မီးမောင်းထိုးပြပေးသည်။ YouTube တွင် အမှုဆောင် အရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ မစ္စပါပပ်စ်က "TikTok ကို သန်းချီတဲ့ လူဦးရေအတွက် ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးထားတာ ဖြစ်ပြီး ပြောင်းလဲတိုးတက်သွားဖို့ မျှော်မှန်းထားတယ်" ဟု ပြောသည်။

သို့သော် ထရန့်၏ အမိန့်ကြောင့် TikTok ကျဆုံးပြီး အဆုံးသတ်သွားမည့်အရေးကို ပရိသတ်တို့ ပူပန်ကြသည်။ အကယ်၍ TikTok အဆုံးသတ်သွားခဲ့လျှင် TikTok မှာ သူတို့ တင်ထားသည့် ဗီဒီယိုများအားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။ သုံးစွဲသူ အများစုတို့သည် ဗီဒီယိုကို စမတ်ဖုန်းဖြင့် ရိုက်ယူဖန်တီးကြပြီးသည့်နောက်တွင် TikTok မှာ တင်လိုက်ပြီးသောအခါ ဖုန်းထဲမှာ သိုလှောင်ရန် နေရာ မကုန်စေလိုသဖြင့် ဖုန်းထဲမှ ဗီဒီယိုကို ဖျက်ပစ်လိုက်ကြ သည်က များသည်။

ပြိုင်ဘက်ထိုးနှက်ချက်လည်း ရှိသည်။ Facebook သည် သြဂုတ်လတွင် Instagram အတွင်း၌ Reels ဟုခေါ်သော TikTok ပုံတူကို မိတ်ဆက်ခဲ့သည် ။ ထို့ပြင် Facebook သည် TikTok ၏ အကြီးမားဆုံးကြယ်ပွင့်များကို Reels အသုံးပြုရန် အမေရိကန်ဒေါ်လာ သန်းချီသုံးစွဲပြီး လူစုသည်။

မစ္စပါပက်စ်က သူမ Facebook နှင့် Instagram Reels ကို မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ “ အသွင်အပြင် တစ်ခုကို ပုံတူကူးယူနိုင်ပေမယ့် အသိုင်းအဝိုင်းတစ်ခုကို မိတ္တူကူးယူသလိုမျိုး ကူးယူလို့မရဘူး။ အဲဒါကို ပုံတူကူးယူဖို့ တကယ်ခက်တယ်လို့ ထင်တယ်"

၂၀၁၁ ခုနှစ်တွင် YouTube က Next New Networks ကို ဝယ်ယူလိုက်သည်။ ထိုအခါ မစ္စပါပက်စ်သည် YouTube ဝန်ထမ်းဖြစ်သွားသည်။ အချိန်တိုတိုအတွင်းမှာ ရာထူးအဆင့်ဆင့် တိုးခဲ့သည်။ ဗီဒီယို ပြုလုပ်သူများနှင့် ဆက်သွယ်လုပ်ကိုင်ရသော ဌာနတွင် လုပ်ကိုင်ရသည်။ vlogging (video blogging )ကို အချိန်ပြည့်အလုပ်အဖြစ် လုပ်ကိုင်နိုင်အောင် ကူညီပေးရသည့်ဌာန ဖြစ်သည်။ YouTube ပေါ်တွင် ဗီဒီယိုများတင်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ ကူညီပေးသည်။

မိမိ၏ ပရိသတ်အင်အားဖြင့် ငွေရပေါက် ရှာနိုင်အောင် လမ်းညွှန်ပေးရသည်။ ထို့အတွက် “The YouTube Creator Playbook” လမ်းညွှန်စာအုပ်ငယ်ကို ၂၀၁၁ တွင် သူမ ရေးသားပြုစုခဲ့သည်။

၂၀၁၈ ခုနှစ်တွင် TikTok က မစ္စပါပက်စ်ကို အထွေထွေ မန်နေဂျာ ရာထူးကမ်းလှမ်းခဲ့ရာ မစ္စပါပက်စ်က လက်ခံလိုက်သည်။ ထိုစဉ်က TikTok သည် ကမ္ဘာတစ်လွှား သုံးစွဲသည့်အဖြစ်ဆီသို့ ရောက်ရှိအောင် ချဲ့ထွင်နေချိန် ဖြစ်သည်။ မစ္စပါပက်စ်အတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်သည်။
လူငယ်များ TikTok ဆီသို့ အုံနှင့်ကျင်းနှင့် ရောက်လာကြသည်။ စမတ်ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးပြီး တည်းဖြတ်နိုင်သဖြင့် စိတ်ကူးစိတ်သန်းများကို ဗီဒီယိုဖြင့် အကောင်အထည် ထုတ်ပြကြသည်။ နှုတ်ခမ်းချိန်ကိုက်လှုပ်ပြီး သီချင်းဆိုသော Lip-syncing ဗီဒီယိုများ ရေပန်းစားသည်။

Facebook နှင့် Twitter တို့နှင့် မတူသည့် အချက်မှာ TikTok သည် friends မည်မျှရှိသည်ကို အကြောင်းမပြုချေ။ folowers မည်မျှရှိသည်ကိုလည်း အကြောင်းမပြုချေ။ တင်လိုက်သော ဗီဒီယိုတစ်ခုကို လူအများ မြင်သာအောင် TikTok က ပြသပေးရာ၌ ရေပန်းစားနေသော အကြောင်းအရာကို တင်ပြထားသည်ဆိုပါက ပြသပေးလိုက်သည်။ အကောင့်ပိုင်ရှင်တွင် ပရိသတ် နည်းသည်များသည်မှာ အကြောင်း မဟုတ်ချေ။ မျက်နှာကြီးငယ် မလိုက်ချေ။ တန်းတူ ဖြစ်နေသည်။ လူတိုင်း ဗီဒီယို ဖန်တီးရှင် ဖြစ်နိုင်ပြီး တင်လိုက်သော ဗီဒီယိုသည် ကြည့်ရှုသူ သိန်းချီသည်အထိ ရှိသွားနိုင်သည်။TikTok ထဲ ရောက်လာပြီး အက်ပ်ကို ကြာကြာသုံး ဖြစ်စေသည်။ လာရောက်သည့် ကြိမ်ရေလည်း များစေသည်။

 

Read times
Rate this item
(0 votes)