TikTok အမေရိကန်ကဏ္ဍအတွက် ByteDance က Oracle နှင့် လက်တွဲမည်

အမေရိကန်အစိုးရက TikTok ရဲ့ အမေရိကန်ကဏ္ဍကို အမေရိကန်ကုမ္ပဏီလက်ထဲ စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြီး ထည့်ရန်၊ ပျက်ကွက်လျှင် အမေရိကန်တွင် TikTok ကို ပိတ်ပင်မယ်လို့ ရာဇသံ ပေးထားပါတယ်။

 

တရုတ်အစိုးရက နည်းပညာကုမ္ပဏီတွေ ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို တားမြစ်ချက် ထုတ်ပြန်ခဲ့ပါတယ်။ တစ်နည်းပြောရရင် TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance အနေဖြင့် TikTok ရဲ့ အမေရိကန်ကဏ္ဍကို အမေရိကန်ကုမ္ပဏီထံ ရောင်းချခွင့် မရှိဘူးလို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

 

ဘေးကျပ်နံကျပ်ဖြစ်ရင်း နောက်ဆုံးရက်ဖြစ်တဲ့ စက်တင်ဘာလလယ်ကို နီးကပ်လာချိန် စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ByteDance က TikTok ရဲ့ အမေရိကန်ကဏ္ဍကို ရောင်းချဖို့ အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး အမေရိကန်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Oracle Corp ORCL နဲ့ စီးပွားဖက်အဖြစ် လက်တွဲလိုက်ပါတယ်။ အဲဒီနည်းလမ်းဟာ အမေရိကန်နဲ့ တရုတ် အစိုးရတို့ရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး အမေရိကန်မှာ TikTok ဆက်လက် ရှင်သန်ခွင့် ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

အမေရိကန် အစိုးရအနေဖြင့် အမေရိကန်နိုင်ငံမှာ TikTok သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ် ကွန်မြူနစ်ပါတီထံ ပေးအပ်မယ့်အရေးကို ရတက်မအေး ဖြစ်တယ်။

 

အမေရိကန်မှာ သုံးစွဲသူ ဦးရေ သန်း ၁၀၀ ဝန်းကျင် ရှိနေတယ်။ ဒီတော့ အဲဒီဒေတာတွေကို တရုတ်ပိုင် ကုမ္ပဏီလက်ထဲ ဆက်လက်ထားရှိမယ်ဆိုရင် TikTok ကို အမေရိကန်မှာ ခွင့်မပြုနိုင်ဘူး။

 

အမေရိကန်ကုမ္ပဏီလက်ထဲ အပြီးအပိုင် ပေးအပ်ထားမှသာ ခွင့်ပြုမယ်လို့ ဆိုတာကြောင့် TikTok ရဲ့ အမေရိကန်ကဏ္ဍကို အမေရိကန်ကုမ္ပဏီထံ ရောင်းချအပ်နှံဖို့ လုပ်ဆောင်တာမှာ Microsoft ၊ Walmart နဲ့ Oracle တို့နဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်။

 

ပြီးခဲ့တဲ့လမှာ တရုတ်အစိုးရက နည်းပညာ ပြည်ပတင်ပို့ရောင်းချမှုများကို တားမြစ်ကြောင်း ကြေညာခဲ့တယ်။

 

TikTok ရဲ့ အမေရိကန်ကဏ္ဍကို ရောင်းလိုက်ရင် TikTok မှာ လက်ရှိသုံးစွဲနေတဲ့ နည်းပညာတွေကိုပါ ပေးအပ်လိုက်ရမှာ ဖြစ်နေတယ်။ အထူးသဖြင့် သုံးစွဲသူတစ်ဦး TikTok သုံးစွဲချိန်မှာ TikTok မှာ တင်လိုက်တဲ့ ဗီဒီယိုတွေထဲမှ ဘယ်ဗီဒီယိုတွေ သူ့ကို ပြမှာလဲဆိုတဲ့ စဉ်းစားဆုံးဖြတ်နည်း algorithm ကို ပြည်ပဝယ်လက်ထဲ ထည့်ပေးလိုက်မှာဖြစ်လို့ တရုတ်အစိုးရရဲ့ တားမြစ်ချက်နဲ့ ငြိစွန်းနေပါတယ်။ ဒီတော့ TikTok ရဲ့ အမေရိကန်ကဏ္ဍကို ရောင်းချဖို့ မဖြစ်နိုင်တော့ပဲ အရောင်းအဝယ် ပွဲပျက်သွားခဲ့ပါတယ်။

 

ယခု လက်တွဲမယ့် အဆိုပြုချက်မှာ Oracle က ByteDance ရဲ့ နည်းပညာပိုင်းဆိုင်ရာ လက်တွဲဖော် ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ TikTok သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စီမံခန့်ခွဲပေးရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ TikTok ရဲ့ လုပ်ငန်းလည်ပတ်မှုမှာလည်း ပါဝင်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

 

အမေရိကန်အစိုးရအနေဖြင့် အခုလို စီစဉ်တာကို သဘောတူမှာလား ဆိုတာကတော့ အဖြေမရသေးပါဘူး။ Committee on Foreign Investment in the United States (CFIUS) မှ အမျိုးသားလုံခြုံရေးကို ဆန်းစစ်သုံးသပ်ပေးပြီးမှ အဖြုအမည်း သဲကွဲမှာ ဖြစ်ပါတယ်။

 

Source reuters.com

Read times
Rate this item
(0 votes)