အမုန်းစကားတွေ ရှင်းလင်းဖယ်ရှားရာမှာ Facebook ရဲ့ တိုးတက်လာမှုကို တိုင်းတာခြင်း

ဒီနေ့ ထွက်ရှိလာတဲ့ Facebook ရဲ့ နှစ်စဉ် သုံးလတစ်ကြိမ် ထုတ်ပြန်တဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာမှာ အမုန်းစကား ပျံ့နှံ့ရောက်ရှိမှုကို

ကဏ္ဍတစ်ရပ်အဖြစ် ပထမဦးဆုံးအကြိမ် ထည့်သွင်းဖော်ပြလိုက်ပါတယ်။

အမုန်းစကား ပျံ့နှံ့ရောက်ရှိမှုကို ဘယ်လို တိုင်းတာလဲ

မူဝါဒချိုးဖောက်ထားတဲ့ အရာတစ်ခုကို လူတွေ ဘယ်လောက်မြင်နေရလဲဆိုတာ ကြည့်ပြီး ပျံ့နှံ့ရောက်ရှိမှုကို ခန့်မှန်းတွက်ချက်ပါတယ်။ အမုန်းစကား ပျံ့နှံ့ရောက်ရှိမှုကိုတော့ Facebook ပေါ်မှာ လူအများ တွေ့မြင်ပြီးသွားတဲ့ အကြောင်းအရာပုံစံတစ်ခုကို နမူနာအဖြစ် ရွေးချယ်လိုက်တယ်။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ရဲ့ အမုန်းစကား မူဝါဒကို ဘယ်လောက်အတိုင်းအတာအထိ ချိုးဖောက်ထားလဲဆိုတာ သတ်မှတ်လိုက်ပြီး တွက်ချက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမုန်းစကားဆိုတာ ဘာသာစကား အသုံးအနှုန်း၊ ရေခံမြေခံယဉ်ကျေးမှု စတဲ့အချက်တွေအပေါ်မှာ မူတည်နေတဲ့အတွက် နေရာဒေသ အသီးသီးက ဘာသာစကား အမျိုးမျိုးနဲ့ အကြောင်းအရာ စစ်ဆေးနေတဲ့သူတွေဆီကိုလည်း အဲ့ဒီ့ နမူနာတွေ ပေးပို့ရပါတယ်။ ဒီနည်းလမ်းကို အခြေခံပြီး အမုန်းစကား ပျံ့နှံ့မှုဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း (ဝ.၁၀%) ကနေ (ဝ.၁၁%) ရှိခဲ့တယ်လို့ ကျွန်တော်တို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ Facebook ပေါ်က အကြောင်းအရာတွေ မြင်ရတဲ့အကြိမ်ပေါင်း (၁၀,၀၀၀) တိုင်းမှာ (၁၀) ခုကနေ (၁၁) ခုက ကျွန်တော်တို့ရဲ့ မူဝါဒ အောက်မှာ အမုန်းစကားလို့ သတ်မှတ်ထားတဲ့ အရာတွေ ဖြစ်နေခဲ့တာပါ။

Facebook နဲ့ Instagram ပေါ်မှာ အန္တရာယ်ရှိတဲ့ အကြောင်းအရာပေါင်း ဘယ်လောက်များများ မြင်ခဲ့ရလဲဆိုတာကို အသေးစိတ် တိုင်းတာပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရာတူရင်တောင် Facebook နဲ့ Instagram မှာ တွေ့မြင်ရတဲ့ အချိန်အတိုင်းအတာနဲ့ သက်ရောက်မှုဟာ တူမှာ မဟုတ်ပါဘူး။ တစ်ချို့အကြောင်းအရာတွေက အချိန်တိုအတွင်း ပျံ့နှံ့သွားပြီး လူတွေအများကြီးက မြင်လိုက်ရတာ ဖြစ်နိုင်ပေမယ့် တစ်ချို့ကျတော့လည်း အင်တာနက်ပေါ်မှာ အချိန်အကြာကြီး ရှိနေပေမယ့် လူအနည်းငယ်ပဲ မြင်လိုက်တာမျိုး ရှိနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ မူဝါဒ စည်းကြပ်မှုတွေ ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာ အကဲဖြတ်စစ်ဆေးဖို့ဆိုရင် ပလက်ဖောင်းပေါ်မှာ အမုန်းစကား ပျံ့နှံ့ရောက်ရှိမှုကို အနည်းဆုံးဖြစ်အောင် ဘယ်လောက်ထိန်းသိမ်းထားနိုင်လဲ၊ မှားယွင်းဖယ်ရှားတဲ့ အကြောင်းအရာတွေ ဘယ်လောက်နည်းသွားလဲ ဆိုတာနဲ့ ဆုံးဖြတ်ရမှာပါ။

အမုန်းစကား ပုံစံသဏ္ဌာန်အမျိုးမျိုးအား ခွဲခြားသတ်မှတ်ခြင်း

အမုန်းစကားလို့ သတ်မှတ်လိုက်ဖို့ သိပ်ပြီးမလွယ်ကူပါဘူး။ အမုန်းစကားဆိုတာ ဘာလဲလို့ သတ်မှတ်ဖို့က ကွဲပြားတဲ့ သဘောထားအမြင်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒကို ပြဌာန်းတဲ့အခါမှာ အကြောင်းအရာ ဝိဝါဒအပေါ် နားလည်မှု၊ သမိုင်းစဉ်လာ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ပြောင်းလဲနေတဲ့ ယဉ်ကျေးမှု ထုံးတမ်းတွေနဲ့ဆိုင်တဲ့ အရာတွေအားလုံးကို ထည့်သွင်းစဥ်းစားပါတယ်။

နိုင်ငံတကာ ကျွမ်းကျင်သူတွေ အပါအဝင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ လူတွေ အများကြီးဆီကနေ ရရှိတဲ့ မှတ်ချက်တွေအရ လူမျိုး၊ လူမျိုးစု၊ ဇာတိမွေးရပ်၊ ဘာသာရေးနှီးနွှယ်မှု၊ လိင်စိတ်တိမ်းညွတ်မှု၊ ဇာတ်ခွဲခြားမှု၊ လိင်၊ ကျား/မ၊ ကျား/မ ခံယူမှု၊ ပြင်းထန်သောရောဂါ ဒါမှမဟုတ် မသန်စွမ်းဖြစ်မှု ဆိုပြီး “ကာကွယ်ပေးဖို့ သတ်မှတ်ထားတဲ့ ဝိသေသလက္ခဏာတွေ” ကို အခြေခံပြီး တိုက်ရိုက် တိုက်ခိုက်မှုမှန်သမျှကို အမုန်းစကား အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။

အမျိုးမျိုးသော တိုက်ခိုက်မှုတွေကနေ လူအများကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို  လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တိုးချဲ့လာခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူဖြူအမျိုးသားရေးဝါဒနဲ့ လူဖြူခွဲထွက်ရေးဝါဒတွေကို တိုက်ဖျက်ဖို့ တိုးချဲ့ဆောင်ရွက်တယ်၊ ရွှေ့ပြောင်းနေထိုင်သူတွေကို တိုက်ခိုက်တဲ့အပေါ်မှာ အရေးယူနိုင်မယ့် စည်းမျဉ်းအသစ်တွေ မိတ်ဆက်တယ်၊ သမိုင်းဝင်လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖုံးကွယ်ငြင်းဆန်ဖို့ ရည်ရွယ်တဲ့ အကြောင်းအရာတွေကို ပိတ်ပင်တယ်၊ ပြီးတော့ လူမည်းတွေရဲ့ မျက်နှာကို ပုံဖော်လှောင်ပြောင်တဲ့ အကြောင်းအရာ ဒါမှမဟုတ် ဂျုးလူမျိုးတွေရဲ့ ကမ္ဘာကြီးကို စိုးမိုးတယ်ဆိုတဲ့ တရားသေ သတ်မှတ်မှုအကြောင်း အစရှိတဲ့ အမုန်းစကားနဲ့ အလားတူပုံစံရှိတဲ့ အရာတွေကိုလည်း အရေးယူဖို့ ကျွန်တော်တို့ မူဝါဒတွေကို ပြုပြင်ပြောင်းလဲ ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က အမုန်းစကားတွေကို သတိပြုမိလိုက်တာနဲ့တစ်ပြိုင်နက် ဖယ်ရှား ပစ်ဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေက ဘယ်တော့မှ စင်းလုံးချော မဖြစ်နိုင်ဘူးဆိုတာလည်း နားလည်ထားပါတယ်။ ဘာသာစကား အသုံးအနှုန်းတွေကလည်း အမြဲတမ်း ပြောင်းလဲနေတဲ့အတွက် မနေ့က ဒီစာလုံးဟာ ရိုင်းပျတဲ့ အသုံးအနှုန်း မဟုတ်ပေမယ့် ဒီနေ့မှာ ရိုင်းပျတဲ့စကား ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း အကြောင်းအရာတွေကို စည်းကြပ်တဲ့ ဖြစ်စဥ်ဟာ လွန်စွာသိမ်မွေ့ပြီး အမုန်းစကားတွေကို မလွတ်တမ်းဖယ်ရှားနိုင်ဖို့ လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ခွင့်ပြုထားတဲ့ ဆွေးနွေးပြောဆိုမှုတွေကို မဖယ်ရှားဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဒါ့ကြောင့်ပဲ အရေးအကြီးဆုံး အကြောင်းအရာတွေကို ဦးစားပေး စစ်ဆေးဖို့ ဆောင်ရွက်ခဲ့တာပါ။ ဆိုလိုတာက ပျံ့နှံ့လွယ်မှု၊ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်မှုနဲ့ မူဝါဒ ချိုးဖောက်မှုနှုန်း စတဲ့ အချက်တွေ အများကြီးကို အခြေခံပြီး အန္တရာယ်အရှိနိုင်ဆုံး အကြောင်းအရာဆိုတာ သေချာရင် ဦးစားပေး ဆောင်ရွက်ပါတယ်။ 

အသုံးပြုသူတွေရဲ့ တိုင်ကြားမှု အခန်းကဏ္ဍ

စည်းကြပ်မှု ဆောင်ရွက်ရာမှာ Facebook နဲ့ Instagram ပေါ်က အမုန်းစကားတွေကို ရှာဖွေဖို့ နည်းပညာနဲ့ အသုံးပြုသူတွေဆီက ရတဲ့ တိုင်ကြားမှုတွေကို ပေါင်းစပ်ပြီး အသုံးချရပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူတွေက အပတ်စဉ် Facebook ပေါ်က အကြောင်းအရာ သန်းပေါင်းများစွာကို ကျွန်တော်တို့ရဲ့ မူဝါဒ ချိုးဖောက်ထားတယ်လို့ ယုံကြည်တဲ့အတွက် တိုင်ကြားပေးနေကြပါတယ်။ ဒီတိုင်ကြားမှုတွေကို ဘာသာစကားပေါင်း (၅၀) ကျော်နဲ့ စစ်ဆေးပေးခဲ့ပြီး တိုင်ကြားမှုတွေကြောင့် ပလက်ဖောင်းမှာ ဘာတွေဖြစ်နေလဲဆိုတာ သိရှိခွင့်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ မူဝါဒတွေကို အဆက်အပြတ် ပြင်ဆင်မွမ်းမံပေးနိုင်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကြောင်းအရာတွေကို ပိုပြီး လွယ်လွယ်ကူကူနဲ့ တိုင်ကြားနိုင်ဖို့ ကျွန်တော်တို့ရဲ့ တိုင်ကြားမှုဆိုင်ရာ နည်းပညာကိရိယာတွေကို ပိုပြီး ကောင်းမွန်လာဖို့ အမြဲ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကန့်သတ်ချက်တွေတော့ ရှိစမြဲပါ။ ဥပမာ ဒစ်ဂျစ်တယ်သိနားလည်မှု နည်းပါးတဲ့ နေရာဒေသတွေက လူတွေကတော့ တိုင်ကြားနိုင်တယ်ဆိုတဲ့ အချက်ကို ဆောင်ရွက်တာမျိုး နည်းနိုင်ပါတယ်။ တိုင်ကြားမှု တော်တော်များများက ကျွန်တော်တို့ရဲ့ မူဝါဒကို မချိုးဖောက်ထားပေမဲ့ သူတို့ရဲ့ အမြင်နဲ့မတူလို့၊ မကြိုက်လို့ တိုင်ကြားတာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် ပြိုင်ဘက် အားကစားအသင်းရဲ့ အကြောင်းအရာတွေ၊ ကိုယ်မကြည့်ရသေးတဲ့ တီဗွီအစီအစဉ်တွေမှာ ဘာတွေဖြစ်သွားတယ်ဆိုတာ ပြောပြတဲ့ အကြောင်းအရာတွေကို တိုင်ကြားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ချို့အကြောင်းအရာတွေဆိုရင်တော့ ဘယ်သူမှ မတိုင်ကြားခင်မှာ လူအများအပြားက မြင်တွေ့ပြီးသွားတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် အသုံးပြုတွေရဲ့ တိုင်ကြားမှုတစ်ခုတည်းကို မှီခိုလို့ မရပါဘူး။

ကျွန်တော်တို့က AI နည်းပညာကိုပါ အသုံးပြုာတာကြောင့် စစ်ဆေးသူတွေက အန္တရာယ်အရှိနိုင်ဆုံး အကြောင်းအရာတွေကို ဦးစားပေးပြီး စစ်ဆေးနိုင်သွားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အလိုအလျောက် စနစ်တွေကို လေ့ကျင့်ပေးဖို့၊ သူတို့ရဲ့ စွမ်းရည်ကို စစ်ဆေးပေးဖို့ အချိန်ပိုပေးနိုင်ပါတယ်။

AI စနစ်နဲ့ နည်းပညာကိရိယာတွေရဲ့ အခန်းကဏ္ဍ

ပမာဏအရမ်းများတဲ့ အမုန်းစကားတွေကို အသုံးပြုသူတွေ မတိုင်ကြားမီ ကြိုတင်ရှာဖွေ၊ ဖယ်ရှားနိုင်ဖို့ AI စနစ်နဲ့ နည်းပညာကိရိယာတွေကို Facebook က ဖန်တီးအသုံးချလျက်ရှိပါတယ်။ အမုန်းစကားဆိုတာ နောက်ခံ အကြောင်းအရာကိုကြည့်ပြီး ကောက်ချက်ချရတာကြောင့် AI နည်းပညာနဲ့ စစ်ဆေးဖယ်ထုတ်ရာမှာ ပိုစ့်တွေရဲ့ အကြောင်းအရာ ဆိုလိုရင်း နဲ့ ဘာသာစကား စတဲ့ ထောင့်ပေါင်းစုံကနေ သုံးသပ်ဖို့ လိုအပ်ပါတယ်။

AI နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Facebook ပေါ်မှာ အမုန်းစကားတွေကို ဖယ်ရှားပေးနိုင်စွမ်းနဲ့ အသုံးပြုတဲ့သူတွေ မတိုင်ကြားမီ ရှာဖွေဖယ်ထုတ်နိုင်စွမ်း ပိုပြီး ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ အမုန်းစကား တိုင်းတာမှုတွေကို ပထမဦးဆုံး စတင် အစီရင်ခံတင်ပြခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စတုတ္ထသုံးလပတ်မှာ ကြိုတင်စစ်ဆေးတွေ့ရှိနှုန်း (၂၃.၆%) ရှိခဲ့ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ ဖယ်ရှားခဲ့တဲ့ အမုန်းစကားတွေမှာ (၂၃.၆%) က အသုံးပြုသူတွေ မတိုင်ကြားမီ စစ်ဆေးတွေ့ရှိတဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အများစုက အသုံးပြုသူ တစ်ယောက်ယောက် တိုင်ကြားပြီးမှ ဖယ်ရှားခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ (၉၅%) အထိ တိုးတက်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ အမုန်းစကား မူဝါဒကို ချိုးဖောက်တဲ့အတွက် ဖယ်ရှားခဲ့တဲ့ အကြောင်းအရာတွေ အားလုံးမှာ (၉၅%) က Facebook ကနေ အရင်ဆုံး တွေ့ရှိခဲ့တာလို့ ပြောလို့ရပါတယ်။ ဒီအကြောင်းအရာတွေကို အရေးယူဖို့ ကျွန်တော်တို့ရဲ့ AI စနစ်တွေက ဆောင်ရွက်ပါတယ်။ ဒါမှမဟုတ် လူတွေရဲ့ စစ်ဆေးမှု လိုအပ်တဲ့ ဦးစားပေး အကြောင်းအရာဆိုရင်လည်း စစ်ဆေးပေးတဲ့ အဖွဲ့တွေဆီကို ပြန်လွှဲပေးပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီမူဝါဒ သတ်မှတ်ချက်တွေကို စည်းကြပ်နိုင်ဖို့ လူ့စွမ်းအား အရင်းအမြစ်နဲ့ နည်းပညာအပေါ် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အရင်ကထက် သုံးဆတိုးပြီး လူပေါင်း (၃၅,၀၀၀) ကျော်ဟာ Facebook မှာ ဘေးကင်းလုံခြုံရေးအတွက် လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ စကား အသုံးအနှုန်း ပုံစံအသစ်တွေ အဆက်မပြတ် ပေါ်ထွက်နေပြီး အချိန်နဲ့အမျှ ပြောင်းလဲနေတာကြောင့် ကျွန်တော်တို့ရဲ့ မူဝါဒတွေက လူမှုဝန်းကျင်မှာ ရေပန်းစားနေတဲ့ အပြောင်းအလဲတွေကို ထင်ဟပ်နိုင်အောင်၊ ကိုက်ညီမှုရှိအောင် ဆက်လက် ပြင်ဆင်မွမ်းမံ သွားပါမယ်။ လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်နဲ့ ဘေးကင်းလုံခြုံမှုရှိဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို Facebook ကပဲ ချမှတ်သင့်တယ်လို့ မထင်ပါဘူး။ အရေးကြီးပြီး ခက်ခဲတယ်လို့ ယူဆတဲ့ အကြောင်းအရာတွေ အတွက် ပြင်ပက ကျွမ်းကျင်သူတွေနဲ့ ဆက်လက် လက်တွဲလုပ်ကိုင်သွားမှာပါ။ ဒီလိုဖြစ်စဉ်တွေကို လွတ်လပ်စွာ သုံးသပ်စစ်ဆေးဖို့နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကျွန်တော်တို့ရဲ့ အကဲဖြတ်ကြီးကြပ်ရေး ဘုတ်အဖွဲ့ကို တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။

ပျံ့နှံ့ရောက်ရှိမှုနှုန်း၊ အသုံးပြုသူရဲ့ တိုင်ကြားမှုနဲ့ AI နည်းပညာကို အသုံးချပြီး Facebook နဲ့ Instagram အသုံးပြုသူအားလုံးပါဝင်နိုင်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။

 

ရေးသူ - Arcadiy Kantor, Product Manager, Integrity

Read times
Rate this item
(0 votes)