တောင်ကိုရီးယား နေရာအနှံ့ရောက်တဲ့ Kakao

တက္ကဆီ ခေါ်မလား Kakao Taxi အက်ပ် ရှိတယ်။ အိမ်မှာ သွားတိုက်ဆေး ကုန်ခါနီးလို့ ဘူးအသစ်မှာမလား။ KakaoMart အက်ပ်မှာ ဈေးဝယ်ပြီး မှာကြားလို့ ရတယ်။

ဂိမ်းကစားမလား။ KakaoGames အက်ပ် ရှိတယ်။ ဇာတ်လမ်းတွဲ ကြည့်မလို့လား။ KakaoTV အက်ပ်နဲ့ ကြည့်လို့ ရတယ်။ မက်ဆေ့တွေ အချီအချ အပြန်အလှန် ပို့မလား။ KakaoTalk ရှိတယ်။ Kakao က တောင်ကိုရီးယား လူ့အဖွဲ့အစည်း နေရာအနှံ့မှာ အလုပ်မျိုးစုံကို လုပ်ပေးနေမယ်။ သက်သောင့်သက်သာ ဖြစ်နေစေတယ်။ အဆင်ပြေနေစေမယ်။ တောင်ကိုရီးယားမှာ နေထိုင်နေကြသူတွေရဲ့ နေ့စဉ်ဘဝထဲမှာ Kakao အချိန်ပြည့် ရှိနေမယ်။ Kakao မသုံးရင် ဂြိုဟ်သား ဖြစ်နေလိမ့်မယ်။

ဆက်သွယ်ရေး အင်ပါယာ ဖြစ်မလာခင်မှာ Kakao က ခုပို့ခုရောက် မက်ဆေ့ပို့တဲ့ အက်ပ်တစ်ခုဖြစ်တဲ့ KakaoTalk နဲ့ ၂၀၁၀ ခုနှစ် မတ်လမှာ စတင်ခဲ့တယ်။ နောက်တော့ ဆိုရှယ်မီဒီယာ ကွန်ရက်တစ်ခုဖြစ်တဲ့ Kakao Story ပါလာပြီး KakaoTalk နဲ့ ပေါင်းစည်းထားတယ်။ KakaoTalk စတင်ခဲ့ပြီး တစ်နှစ်မပြည့်ခင်မှာ လူဉီးရေ သန်း ၅၀ ရှိတဲ့ တောင်ကိုရီးယားမှာ လူ ၁၀ သန်းကျော်တို့က KakaoTalk ကို သုံးနေကြပြီ။ မိသားစုအကြား၊ အပေါင်းအသင်း သူငယ်ချင်းတွေအကြား အဓိကကျတဲ့ ဆက်သွယ်ရေးနည်းလမ်းအဖြစ် တွင်တွင်သုံးနေကြပြီ။ မကြာခင်မှာ စီးပွားရေးနယ်ပယ်ထဲမှာ ဆက်သွယ်ဖို့ သုံးစွဲလာကြတယ်။
Kakao Story ပေါ်မှာ ပုံတွေ စာတွေ share ကြတာ အရှိန်ကောင်းလာချိန်မှာ Kakao သုံးစွဲသူတွေအတွက် ဝန်းကျင်တစ်ရပ်ကို ထူထောင်ပေးလိုက်တယ်။
Kakao ရဲ့ နောက်ထပ်ခြေလှမ်းက ကိုရီးယားတွေရဲ့ နေစဉ်ဘဝဟန်ပန်ထဲမှာ ထိပ်ဆုံးမှာ ရှိနေတဲ့ မိုဘိုင်းဂိမ်းဈေးကွက်ထဲ ခြေချဖို့ ဖြစ်ပါတယ်။ KakaoGames ဂိမ်းပလက်ဖောင်းကို KakaoTalk အက်ပ်ထဲ ပေါင်းစည်းပြီး ထည့်ပေးလိုက်တယ်။
ထူထောင်ပေးထားတဲ့ Kakao ဝန်းကျင်ရဲ့ Kakao network ကို သုံးပြီး ဂိမ်းတွေကို အပေါင်းအဖော်တွေနဲ့ ချိတ်ဆက်ပြီး အတူတကွ အဆင်ပြေပြေ ကစားလို့ ရနေစေတယ်။ ဂိမ်းပလက်ဖောင်း နေ့စဉ် သုံးစွဲသူ များပြားတဲ့အပြင် သုံးစွဲချိန်လည်း များတာကြောင့် Kakao ပလက်ဖောင်းက ပင်မရေစီးကြောင်း အဖြစ်သို့ ခပ်မြန်မြန် ရောက်ရှိလာပြီး ၂၀၁၈ ခုနှစ်မှာ KakaoGames တစ်ခုတည်းကတင် ခန့်မှန်းခြေအားဖြင့် တန်ဖိုး ဝမ် ၁ ဒသမ ၅ ထရီလီယီ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံ) ရှိပါတယ်။
KakaoTalk ၊ Kakao Story နဲ့ KakaoGames အက်ပ်သုံးခုဖြင့် တောင်ကိုရီးယား လူထုကြား စိမ့်ဝင်နေရာယူလိုက်ပြီး Kakao ဆိုတာ လူတိုင်းသိတဲ့အမည် ဖြစ်လာတာ အချိန်ကာလအားဖြင့် သုံးနှစ်အတွင်းမှာ ဖြစ်ပါတယ်။


Kakao ချဲ့ထွင်ခြင်း

၄ နှစ်အကြာမှာ Kakao ကြီးထွားတာ ကြီးမားတဲ့အတွက် မိမိဘာသာ ဆက်လက်ရပ်တည်လုပ်ကိုင်ဖို့ မဖြစ်နိုင်တာမို့ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး portal site တွေထဲမှ တစ်ခုဖြစ်တဲ့ Daum နဲ့ ပူးပေါင်းလုပ်ကိုင်တယ်။ Daum က mail accounts, web hosting, video hosting, search portal အစရှိတဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးတယ်။ Kakao က Daum ကို နောက်ခံအဖြစ်ထားပြီး အလုံးစုံ အကျုံးဝင်တဲ့ ဘဝစတိုင် ပလက်ဖောင်းအဖြစ်သို့ အဆင့်တက်တယ်။ Kakao က အက်ပ် အမျိုး ၂၀ ကို အိုင်ဖုန်းအတွက် စီစဉ်ပေးထားတယ်။ KakaoTalk အက်ပ်မှာလည်း ဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်ထားတယ်။
KakaoMart ဈေးဝယ် ဝန်ဆောင်မှုကနေ ငှက်ပျောသီးကအစ ဆပ်ပြာမှုန့်အဆုံး ကုန်မျိုးစုံ ဝယ်လို့ ရတယ်။ ကိုယ်မှာထားတဲ ကုန် ဘယ်အခြေအနေရောက်နေပြီလဲဆိုတာ ကြည့်လို့ရတယ်။
၂၀၁၅ ခုနှစ်မှာ တက္ကဆီခေါ်ဖို့ KakaoTaxi အက်ပ်နဲ့ စီစဉ်ပေးတယ်။ KakaoTalk အကောင့်ရဲ့ ID နဲ့ KakaoTaxi ကို သုံးစွဲအောင် ပေါင်းစည်းပေးထားတယ်။ တက္ကဆီခ ပေးချေဖို့ ငွေသားမလိုဘူး။ အဲဒီအတွက် ငွေကြေးအက်ပ်ဖြစ်တဲ့ KakaoPay စီစဉ်ပေးထားတယ်
ဗီဒီယိုကြည့်ဖို့ Youtube အစား KakaoTV ရှိတယ်။ KakaoChannel မှာ Twitter လိုမျိုး ကွန်ရက်စီစဉ်ပေးထားပြီး သုံးစွဲတဲ့သူက followed လုပ်ထားတဲ့ စဲလီက တစ်ခုခု အသိပေးချင်တာကို သိနိုင်အောင် လုပ်ပေးထားတယ်။ Kakao brand ရဲ့ လှုပ်လှုပ်ရွရွ emoticons တွေကို ဝယ်ဖို့ Kakao Friends အွန်လိုင်းစတိုးဆိုင် ရှိတယ်။ တောင်ကိုရီးယားမှာ လူသုံးများတဲ့ emoticons တွေအဖြစ်သို့ ရောက်ရှိလာတယ်။
၂၀၁၈ ခုနှစ်မှာ KakaoBus ထွက်လာတယ်။ ဘတ်စ်ကား အချိန်ဇယားကို အချိန်နဲ့တစ်ပြေးညီ ကြည့်လို့ ရတယ်။ မြေအောက်ရထား အချိန်ဇယားအတွက်က KakaoMetro ရှိတယ်။ တောင်ကိုရီးယားက လမ်းတွေမှာ သွားလာဖို့ လမ်းပြအတွက်က KakaoNavi ရှိနေပြီး အင်္ဂလိပ်ဘာသာစကား သုံးမယ်ဆိုရင်တော့ KakaoMap ရှိတယ်။

မိုဘိုင်းဂိမ်းလုပ်ငန်းနယ်ပယ်ထဲကို KakaoGames နဲ့ ဝင်ရောက်ခဲ့တယ်။ Kakao ပလက်ဖောင်းပေါ်မှာ ငွေပေးငွေယူတွေကို ချောချောမွေ့မွေ့ လုပ်ကိုင်ပေးနေတဲ့ KakaoPay နဲ့ FinTech လုပ်ငန်းနယ်ပယ်ထဲကို ဝင်တယ်။ အင်တာနက်မှာပဲ ရှိတဲ့ဘဏ်အဖြစ် Kakao Bank ကို အင်တာနက်မှာ ဖွင့်လှစ်လိုက်တယ်။ ဝက်ဝက်ကွဲ အောင်မြင်တယ်။ လေးရက်အတွင်း သုံးစွဲသူ တစ်သန်းနီးပါး ရှိလာတယ်။

 

.Kakao အရွယ်အစား

၂၀၁၉ ခုနှစ် ဇွန်လမှာ KakaoTalk နေ့စဉ်မှန်မှန်သုံးစွဲသူဦးရေ ကမ္ဘာတစ်လွှားမှာ သန်း ၅၀ ရှိပြီး တောင်ကိုရီးယားမှာတော့ နိုင်ငံလူဦးရေနဲ့ ၈၆% သုံးစွဲတယ်။


Source:10mag.com

Read times
Rate this item
(0 votes)