RIP Google Play Music(2011 – 2020)

Google Play Music သည် ပြီးခဲ့သည့်အပတ်က သေဆုံးသွားခဲ့သည်။


တစ်ချိန်ချိန်မှာ သေရလိမ့်မည်ဆိုသည်ကို ကျွန်ုပ်တို့ သိထားနှင့်ခဲ့ပြီးသား ဖြစ်သည်။

၂၀၁၁ ခုနှစ်မေလ ၁၀ ရက်တွင် မွေးဖွားခဲ့သော Google Music သည် သက်တမ်းကိုးနှစ်ကြာပြီးနောက် ကျွန်ုပ်တို့အား စွန့်ခွာသွားခဲ့ပြီ။

Google Music ဝန်ဆောင်မှုသည် Google ၏ ကောင်းကင်သုဿာန်မှာ ရောက်နေနှင့်သည့် Reader နှင့် Google+ တို့နောက်သို့ လိုက်သွားပြီဖြစ်သည်။ သုဿန်တွင် ဂူဂဲ၏ သေဆုံးသွားခဲ့သော အခြားထုတ်ကုန်များ ဝန်ဆောင်မှုများလည်း ရှိနေသည်။ မှတ်မှတ်ရရ  Google TV အက်ပ်သည် ၂၀၁၄ တွင် အသတ်ခံရသည်။ Google+  ၂၀၁၉ တွင် အသတ်ခံရသည်။

Google Music ရဲ့ တိုတောင်းတဲ့ သက်တမ်းကာလ ဘဝဇာတ်ကြောင်းတွင် အပြောင်းအလဲများ အချိုးအကွေ့များကို တွေ့ရသည်။
Google I/O 2011 တွင် "Music Beta by Google" ဟု ပြောဆိုကာ Google Play Music ကို ပွဲထုတ်ခဲ့သည်။
Android Market စတိုးပေါ်မှာ Google Movies နှင့်အတူ တင်ပေးလိုက်သည်။
Android Market သည် ယခုအခါ အရွယ်ရင့်ပြီး Google Play အမည်ဖြင့် တင့်တင့်တယ်တယ် ဖြစ်နေပေပြီ။

 

 

Movies နှင့် Music တို့ကို ပေါင်းစပ်ပေါင်းစည်းပြီး Apple ၏iTunes ကို ယှဉ်သည်။
Apple မှာ စည်းအပြင်မှ သုံးစွဲသူ မဝင်ရသော ကိုယ်ပိုင်ဝန်းကျင် ရှိသည်။ အဆင့်အတန်းမြင့်မားသော ဝန်းကျင်လည်း ဖြစ်ပြီး စည်းလုံခြုံသည်။ Google မှာ ထိုသို့သော ဝန်းကျင် မရှိချေ။
Music Beta ကို ချကျွေးလိုက်သည်။ ဂူဂဲမှာ ပေးစရာ ဘာသီချင်းမှ မရှိ။ Android ဖုန်းမှာ သီချင်းဖွင့် နားထောင်ဖို့ သက်သက်လောက်သာ ဖြစ်နေသည်။
ထိုစဉ်မှာ iTunes က အလုပ်ဖြစ်နေသည်။ ဉီးဆောင်နေသည့် နေရာမှာ ရောက်နေသည်။ iPhone သုံးစွဲသူတို့က သီချင်းနှင့် ရုပ်ရှင်တို့ကို ကွန်ပျူတာဖြင့်ဖြစ်စေ iPhone ဖြင့်ဖြစ်စေ အခြား Apple ၏ အင်တာနက်သုံး ကိရိယာဖြင့်ဖြစ်စေ ဝယ်ယူနိုင်ကြသည်။
ဂူဂဲမှာ ဘာမှ ရောင်းစရာ မရှိ။
ထိုစဉ်တုန်းက cloud computing တွင် Apple ထက် Google က သာသည်။ iTunes မှ ရယူဖို့ ကေဘယ်ကြိုး ထိုးရသည်။ သုံးစွဲသည့် ကိရိယာမှာ sync လုပ်ရသည်။ ဂူဂဲပေးသော တိမ်စိုင် ဝန်ဆောင်မှုသည် ကေဘယ်ကြိုးမလို။ sync လုပ်ဖို့လည်း မလို။ အနာဂတ်သည် တိမ်စိုင်ဝန်ဆောင်မှု ဖြစ်ပြီး ယင်းကို Google Music မှာ ရမည်။ အထစ်အငေါ့မရှိ သီချင်းများ စုထားနိုင်ပြီး ကိုယ့်မှာ ရှိနေသည့် အင်တာနက်သုံး ကိရိယာတို့ဖြင့် ရယူသုံးစွဲနိုင်သည်။ ကိရိယာမှာ ဘာမှ သိမ်းဆည်းနေဖို့မလိုဟု ဂူဂဲက ပြောသည်။

Google Music Beta သည် ဗလာ အခွံသက်သက်ဖြစ်သည်။ နားဆင်လိုသော သီချင်းကို Uploading လုပ်ဖို့ လိုသည်။ ဂူဂဲမှာ သီချင်းစတိုးဆိုင် တိမ်စိုင်ပေါ်မှာ မရှိ။ မြေပြင်မှာလည်း မရှိ။

Apple က ဂီတကုမ္ပဏီများကို ဆွဲစိပြီး အင်တာနက် ခေတ်သစ်မှာ အခပေးပြီး download ယူစေကာ ဝင်ငွေ ဖန်တီးပေးနေသည်။ ဂူဂဲ အထီးကျန် ဖြစ်နေတော့သည်။ သူနှင့် လက်တွဲမည့် ဂီတကုမ္ပဏီ မရနိုင်ချေ။ music license ရဖို့ ကြိုးပမ်းသော်လည်း နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရသည့် အဆင့်သို့ မရောက်ခဲ့ချေ။
Google က ကိုယ်ဘာသာ ဆက်လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

Google Music Beta သည် အစားအစာ မရောင်းသော စားသောက်ဆိုင် ဖြစ်သွားသည်။ စားချင်သည့် စားစရာ ကိုယ့်ဘာသာ ယူလာပြီး စားရလိမ့်မည်။ ကိုယ်နားထောင်ချင်သည်တို့ကို ကိုယ့်ဘာသာ စီစဉ်ထားရသည်။ ပြဿနာ ရှိနေသည်က သီချင်းတွေမှာ မူပိုင် ရှိနေသည်။ ယခုလို ကိုယ်ကြိုက်သည့်သီချင်းကို ယူလာပြီး သိမ်းဆည်းနားထောင်သည်မှာ ဉပဒေနှင့် ညီညွှတ်မှု ရှိမရှိ မသေချာ။ ဂီတလုပ်ငန်းများ၏ ရှေ့နေများက တရားစွဲ လျော်ကြေးတောင်းဖို့ အသင့်ဖြစ်နေကြသည်။ အကွက်ကောင်းကို အပိုင်ရဖို့ စောင့်နေသည်။

Amazon က ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သည်။ ၂၀၁၁ တွင် "unlicensed" music locker ကို စတင်လိုက်သည်။ ဉပဒေကြောင်းအရ တရားစွဲနိုင်သည်ဟူသော အသံများ တဝီဝီ မြည်သည်။
၁၉၉၀ ဝန်းကျင်က BYOM cloud-streaming services က MP3.com ကို သီချင်းများဖြင့် လုပ်ကိုင်ခဲ့ရာ ဂီတလုပ်ငန်းနယ်ပယ်မှ ဝိုင်းတွယ်ကြသဖြင့် ကြေမွသွားခဲ့သည့် ဖြစ်ရပ် ရှိခဲ့သည်။
ထိုစဉ်တုန်းက ထိုအတိုင်း ဖြစ်နေခဲ့သည်။ ယခုအခါ တိမ်စိုင်သိုမှီးမှုမှာ သင်က သီချင်းတစ်ပုဒ်ကို တင်ပြီး သိမ်းဆည်းခြင်းအတွက် မည်သူကမှ တရားလာစွဲမည် မဟုတ်ချေ။ ကွန်ပျူတာထဲ သိမ်းဆည်းခြင်းနှင့် တစ်သဘောတည်းဟု သဘောပေါက်ကြသည်။
ထိုစဉ်တုန်းက တကယ့်ပြဿနာအဖြစ် အငြင်းပွားခဲ့ကြသည်။
Google Music Beta က အပြစ်မသင့်အောင် စာတန်းတစ်ခု ထိုးထားလိုက်သည်။
"Music Beta is only for legally acquired music."
Music Beta သည် တရားဝင် ရယူထားသော ဂီတအတွက်သာ ဖြစ်သည်။
သုံးစွဲသူမှာသာ တာဝန်လုံးလုံး ရှိပြီး Music Beta အပြစ်ကင်းသည်။

Music Beta အတွက် Music Manager app ကို ထုတ်လုပ်သည်။ Windows နှင့် Mac ကွန်ပျူတာတို့အတွက် ဖြစ်ပြီး နောက်ပိုင်း ၂ လကြာပြီးချိန်တွင် Linux အတွက်ပါ ထုတ်လုပ်ပေးသည်။
သီချင်းတွေ တင်သိမ်းဖို့ တိမ်စိုင် စီစဉ်ပေးထားသည်။ သီချင်း ပုဒ်ရေ နှစ်‌သောင်းအထိ အခမဲ့ သိမ်းဆည်းထားနိုင်သည်။ ပုဒ်ရေ နှစ်‌သောင်းသည် ရှိသမျှသီချင်း အကုန်လုံး တင်သိမ်းထားလို့ရသည့် သဘောဖြစ်သည်။
ထိုသို့ သိမ်းဆည်းထားလိုက်ပြီးလျှင် တိမ်စိုင်မှ ရယူနားဆင်နိုင်အောင် လုပ်ပေးထားလိုက်သည်။ ကွန်ပျူတာမှာ iTunes သုံး၍ နားထောင်လည်း ရသည်။ Windows Media Playerဖြင့်လည်း နားဆင်နိုင်သည်။

မြူးဇစ်ဘီတာကို သုံးစွဲနေသူတို့က အသိမိတ်ဆွေတို့ကို ဖိတ်ခေါ်ဖို့ကိုလည်း စီစဉ်ပေးထားသည်။ သုံးစွဲသည့် သက်တမ်း ၂ လပြည့်ပြီးချိန်တွင် ဖတ်ခေါ်နိုင်သည်။ မြူးဇစ်ဘီတာ စခါစတွင် လူအများတို့ စုပြုံပြီး သီချင်းတွေကို တိမ်စိုင်ပေါ် ဝိုင်းတင်ကြလျှင် မနိုင်မနင်း ဖြစ်မည်။ သို့ဖြစ်ရာ စစချင်းတွင် သုံးစွဲသူဉီးရေ အကန့်အသတ်ဖြင့်သာ လက်ခံထားပြီး ဖိတ်ခါ်ခံရမှ လူသစ်က ဝင်လာနိုင်ရန် လုပ်ထားခြင်း ဖြစ်သည်။ ဂျီမေးလ်မှာ အသိတစ်ဦးက ဖိတ်ခေါ်သည့်စာ ရောက်လာဖို့ကို စောင့်ရသည်။

မြူးဇစ်ဘီတာကို Android ဖြင့် သုံးနိုင်သည်။ Web app လည်း ရှိသည်။ music.google.com ကို သုံးရသည်။ Web app ကို သုံးလျှင် သီချင်းဖွင့်ဖို့ Adobe Flash Player လိုသည်။ ထိုခေတ်ထိုအခါက Adobe Flash Player သည် ပါလေရာ ပဲခူးဆား ဖြစ်ခဲ့သည်။ Flash Player ပိုင်ရှင် Adobe က Flash Player သည် ယခုနှစ်ကုန်ဖြစ်သော ၂၀၂၀ ဒီဇင်ဘာလ ၃၁ရက်တွင် အပြီးအပိုင် သေဆုံးစေတော့မည် ဖြစ်ကြောင်း ၃ နှစ်ကြိုတင်၍ ၂၀၁၇ ဇူလိုင်လတွင် ကြေညာခဲ့ပြီးပြီ ဖြစ်သည်။ သို့ဖြစ်ရာ Adobe Flash Player ကို ဖယ်ကြဉ်ထားပြီးကြပြီးပြီ ဖြစ်သည်။

 

 

Android app မှာ မြင်မြင်ချင်း သဘောကျစရာတစ်ခုမှာ သီချင်းဓာတ်ပြားဘူးခွံပေါ်က ဒီဇိုင်းလက်ရာပုံတွေကို 3D scrolling carousel နဲ့ ရွေ့လျားပြသပေးခြင်းဖြစ်သည်။ အပြားလိုက် လေးထောင့်ကွက်များ အစီအရီ ခင်းပြထားသည့်အထဲမှာ ကိုယ်လိုချင်သည့် ဓာတ်ပြားကို ရှာရတဲ့ အရသာထက် အတော်လေး ပိုကောင်းနေတဲ့ Android UI ဖြစ်သည်။
ထိုစဉ်ကာလမှာ ဂီတလောက ဓာတ်ပြားချပ်တွေ ထုတ်လုပ်ပြီး ရောင်းချခြင်းနှင့်အပြိုင်ပြုနေသည့် downloads ရယူခြင်း၊ ခပ်လွယ်လွယ် ကူးယူခြင်းများကို ရင်ဆိုင်နေရသည်။ ရုပ်ဒြပ်ရှိပြီး လက်ဖြင့် ကိုင်တွယ်၍ရသော ဓာတ်ပြားများ ကျဆုံးခန်းနှင့်အတူ တရားမဝင် ကူးယူခြင်း၊ downloads ရယူခြင်းများ ဖြစ်ပေါ်နေသည်မှာ တားမနိုင်ဆီးမရချေ။ တစ်နည်းပြောရလျှင် သမားရိုးကျ ရောင်းချပုံ ကျဆုံးနေပြီဖြစ်သည်။

ဘီတာကာလ ၆ လ ပြည့်ပြီးချိန်မှာ အဆုံးသတ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် "Music Beta by Google" မှ "Google Music" သို့ ပြောင်းလဲလိုက်သည်။
အမေရိကန်ပြည်ထောင်စုအတွင်း မည်သူမဆို ဝန်ဆောင်မှုကို ရယူနိုင်ပြီ။ ဖိတ်ခေါ်စရာ မလိုအပ်တော့ချေ။
ဘီတာကာလတွင် ဂူဂဲသည် ဂီတလုပ်ငန်းများနှင့် သဘောတူညီချက် မရယူနိုင်ခဲ့သော်လည်း ယခုအခါ အင်တာနက်ပေါ်မှာ သီချင်းရောင်းခြင်းသည် စိတ်ကူးကောင်းဟု ယူဆလိုက်ကြသည်ဖြစ်ရာ ဂူဂဲသည် သီချင်းများအတွက် music license ရရှိသွားသည်။
ဂီတလုပ်ငန်းကြီး ၄ ခု ရှိသည့်အနက် ၃ ခုနှင့် ဂူဂဲ လက်မှတ်ရေးထိုးသည်။ Universal, EMI, Sony တို့နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အခြားလုပ်ငန်းငယ်များ အားလုံးလည်း လက်မှတ်ရေးထိုးကြရာ သီချင်း စုစုပေါင်း ၈ သန်း ဝယ်ယူဖြစ်သည်။
ဂီတလုပ်ငန်းကြီးဖြစ်သော Warner Music က လက်မှတ်မထိုးချေ။
တသီးပုဂ္ဂလ တေးထုတ်လုပ်သူတို့အဖို့ ဓာတ်ပြားတစ်ချပ် (တေးစုတစ်ခု)လုပ်နေဖို့မလို။ ဂူဂဲက ဖွင့်လှစ်ပေးလိုက်သည့် "artist hub" တွင် သီချင်း တစ်ပုဒ်တည်းလည်း တင်ပြီး ရောင်းနိုင်သည်။ indie songs များချည်း သီးသန့်နေရာတစ်ခု ဖြစ်လာသည်။ ရောင်းရငွေ၏ ၃၀% ကို ဂူဂဲက ယူသည်။

music license ဟု ဆိုသည်မှာ Android Market တွင် ဂီတစတိုးတစ်ခု ထားရှိပြီး တေးစုတစ်ခုလုံး ဝယ်ရန်မလိုဘဲ နှစ်သက်ရာတေးကိုသာ ရွေးပြီး ဝယ်နိုင်အောင် စီစဉ်ပေးထားရာ၌ 20kbps MP3 တစ်ပုဒ်လျှင် အမေရိကန်ဒေါ်လာ ၀.၆၉ မှ ၁.၂၉ အထိ အစားစား ရှိသည်။ သီချင်းများကို ဝက်ဘ်မှာ တင်ပေးထားသည်။ Android မှာလည်း တင်ပေးထားသည်။
ထိုစဉ်တွင် Android Market သည် စတိုးဆိုင်အကြီးစားတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အက်ပ်များ၊ ရုပ်ရှင်များ၊ ဗီဒီယိုများ၊ သီချင်းများနှင့် စာအုပ်များ ရောင်းချပေးလျက် ရှိသည်။
ဝယ်ယူမှုများကို Google Wallet ဖြင့် ငွေပေးချေရသည်။ T-Mobile သုံးစွဲသူ ဖြစ်ပါက လစဉ်ကြေးတွင် ထည့်ပေါင်းပြီး ကောက်ခံသည်။

ဘီတာကို လွန်မြောက်သော Android အက်ပ်အသစ် ထုတ်လုပ်ပေးသည်။ ထိုစဉ်က Android ဗာရှင်းများကို မုန့်ပဲသရေစာတစ်မျိုးမျိုး၏ အမည်ဖြင့် တွဲပြီး အမည်မှည့်သည်။ ယခုလို Android 10 ဟု ကိန်းဂဏန်းချည်းသက်သက် မဟုတ်ချေ။
Android 3.0 Honeycomb နှင့် Android 4.0 Ice Cream Sandwich အတွက် Google Music အက်ပ်အသစ် ထွက်ပေါ်သည်။

"Android Market" ဆိုသည့် အမည်သည် ဂူဂဲဆိုသည်ထက် Android ကို ကိုယ်စားပြုနေသည်။ ၂၀၁၂ မတ်လတွင် "Google Play" ဟု အမည်ပေးလိုက်သည်။
Google PlayStore (အက်ပ်), Google Play Movies, Google Play Books နှင့် Google Play Music ဟူသည့်အမည်များ ပေါ်လာသည်။ အမည်အသီးသီးနှင့်အတူ လိုဂိုအသီးသီးလည်း ပေါ်လာသည်။

Google I/O 2012 တွင် တစ်နှစ်သက်တမ်း ရှိပြီဖြစ်သော Google Play Music ကို hardware တစ်ခုဖြစ်သော Nexus Q နှင့် တွဲဖက်မည့် အစီအစဉ်ကို ပြောပြသည်။ သို့သော် Nexus Q သည် ဈေးကွက်ထဲသို့ ရောက်မလာခဲ့ချေ။ ဂူဂဲက မမွေးရသေးခင်မှာပင် သတ်ပစ်လိုက်သည်။

Google I/O 2013 တွင် သီချင်းအတွက် ငွေပေးပုံအသစ်တစ်မျိုးကို မိတ်ဆက်သည်။ "Google Play Music All Access" ဟု အမည်ပေးထားသည်။ လစဉ်ကြေးဖြင့် ကောက်ခံသည်။ တစ်လလျှင် အမေရိကန်ဒေါ်လာ ၉.၉၉ ကျသင့်သည်။ Google Music ကက်တလောက်တွင် ပါသမျှ သီချင်းအကုန်လုံးကို နားထောင်နိုင်သည်။ နှစ်သက်ရာတစ်ပုဒ်ချင်းစီ ရွေးပြီး ဝယ်နေဖို့ မလိုချေ။
Google I/O 2013 တွင် အက်ပ်ကိုလည်း အသစ်ထုတ်သည်။ 3D တင်ပြပုံကို ဖြုတ်သည်။ ပြားချပ်ချပ်သာ သုံးတော့သည်။
Nexus Q ကို တစ်မျိုးပြောင်းထားသော Google Chromecast ကို မိတ်ဆက်ပြီး ရောင်းချသည်။
၂၀၁၃ နိုဝင်ဘာတွင် iPhone ပေါ်သို့ Google Music ရောက်ရှိလာသည်။

၂၀၁၄ တွင် "Google Play Music All Access" သုံးနိုင်သော နိုင်ငံများ တိုးချဲ့သည်။ အိုင်ကွန်အသစ် ရသည်။

၂၀၁၅ တွင် အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် အွန်လိုင်းသီချင်းအခမဲ့လွှင့်သည့် Songza ကို ဂူဂဲက ဝယ်လိုက်ပြီး Google Play Music တွင် ထည့်သွင်းလိုက်ရာ ကြော်ငြာထိုးသည့် ရေဒီယို ပါလာသည်။

၂၀၁၆ တွင် လိုဂို ပြောင်းပြန်သည်။ podcast နားထောင်ဖို့ စီစဉ်ပေးသည်။ အသံပိုင်း နားဆင်စရာ အမျိုးမျိုးတို့ကို တစ်နေရာတည်းမှာ ရရှိအောင် လုပ်ဆောင်ပေးထားခြင်း ဖြစ်သော်လည်း အမျိုးစုံလွန်းနေသည်။ ရှုပ်ပွကုန်သည်။ သုံးစွဲသူမှ တင်သော သီချင်းများအတွက် စာကြည့်တိုက် ရှိသည်။ ကြိုက်ရာ ဝယ်ယူနားဆင်နိုင်သည့် ဂီတစတိုး ပါသည်။ ဂီတဗီဒီယိုလည်း ရှိနေသည်။ လစဉ်ကြေးဖြင့် နားဆင်သောအပိုင်းကဏ္ဍလည်း ပါသည်။ ကြော်ငြာတွေလည်း ထိုးသည်။

ထိုအတိုင်း ၂ နှစ် ကြာမြင့်သည်။ဘာမှ ထူးခြားမှု မရှိ။
၂၀၁၈တွင် YouTube Music ကို ပွဲထုတ်လိုက်သည်။
ယင်းသည် Google Play Music ကို သေဒဏ်စီရင်ချက်ချကြောင်းလည်း တစ်ဆက်တည်းမှာ ကြေညာသည်။
YouTube အတွက် Google Play Music က အသေခံပေးလိုက်ရခြင်း ဖြစ်သည်။
တေးစုများအတွက် music licenses များသည် YouTube အတွက် နှင့် Google Play Music အတွက် သီးခြားစီ ရပ်တည်ထားကြသည်။ သို့ဖြစ်ရာ ပေါင်းစပ်လိုက်ပြီး music license တစ်ခုတည်းဖြင့် လုပ်ကိုင်သည်က ပိုအဓိပ္ပာယ် ရှိသည်။
သူတို့နှစ်ဦးကို ယှဉ်လျှင် ကြော်ငြာဝင်ငွေက အတော်ကွာနေသည်။ တစ်နှစ် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရနေသော YouTube ကို ဒိုင်က အနိုင်ပေးလိုက်သည်။
YouTube Music က သီချင်းများကို YouTube ထံမှ ရယူခြင်းဖြစ်ရာ လိုင်စင်တစ်ခုသာ လိုအပ်သည်။
Google Play Music ကို သေဒဏ်စီရင်လိုက်ပြီးသောအခါ Google Play Music ထဲမှာ ပါနေသည်တို့ကို ခွဲထုတ်သည်။ Podcast သည် Google Podcasts ဖြစ်လာသည်။ ထို့အပြင် Android, iOS နှင့် ဝဘ် သုံးမျိုးစလုံး အဆင်ပြေသော Pocketcasts ရှိထားနှင့်သည်ကို ဆက်ထားသည်။ Google Listen ကို တိုးတိုးတိတ်တိတ် သတ်ပစ်လိုက်သည်။
သုံးစွဲသူတို့အတွက် Google Music မှာ cloud music storage ရှိနေသည်ကို YouTube Music သို့ ပြောင်းရွှေ့ခိုင်းသည်။ one-click transfer button ဖြင့် ပြောင်းရွှေ့ရုံသာ ဖြစ်သော်လည်း Google Play Music တုန်းက ရသည့် feature များ မရနိုင်တော့ချေ။ မရွှေ့ပြန်လျှင်လည်း ကောင်းကင်သုဿန်သို့ ပါသွားပြီး ပြန်ရနိုင်တော့မည် မဟုတ်ချေ။ 

arstechnica.com

 

 

 

Read times
Rate this item
(0 votes)