ဂူဂဲမှ ထုတ်လုပ်တဲ့ ကီးဘုတ်ဖြစ်တဲ့ Gboard မှာ ထည့်သွင်းပေးထားတဲ့ shortcut တွေထဲမှာ တစ်မျိုးက Backspace ကီးအတွက် ဖြစ်ပါတယ်။
Backspace ကီးကို ရိုက်ထည့်ထားပြီးသားစာ ပြန်ဖျက်ဖို့အတွက် သုံးကြပါတယ်။ Backspace ကီးကို တစ်ချက်နှိပ်ရင် ကာဆာ မရောက်ခင် ကပ်လျက် အက္ခရာတစ်လုံး ပျက်ပါတယ်။
တကယ်လို့ ဖျက်ရမှာတွေက စာလုံးတွေ အတန်းလိုက်ကြီးဆိုရင် Backspace ကီးကို ဆက်တိုက်နှိပ်ပေးထားရင် တစ်လုံးပြီး တစ်လုံး ဆက်တိုက် ဖျက်ချပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီလို ဖျက်တာမှာ မှားဖျက်မိလို့ ပြန်ခေါ်ထည့်ချင်ရင် ထည့်လို့ မရတော့ဘူး။ ဖျက်တာ လက်လွန်သွားလို့ မဖျက်ဘဲ ထားရမယ့် စာလုံးတချို့ မှားပါသွားရင်လည်း ပြန်ခေါ်ထည့်လို့ မရတော့ဘူး။
အခု ဖော်ပြမယ့်နည်းကို သုံးစွဲဖို့ လေ့ကျင့်ထားပြီး ကြုံကြိုက်တဲ့အခါ သုံးစွဲပေးမယ်ဆိုရင် မှားဖျက်မိတာကို အလွယ်တကူ ပြန်ခေါ်ထည့်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခု သတိပြုစရာကတော့ နောက်ထပ် ဘာကီးကိုမှ မထိရသေးခင်သာ ပြန်ခေါ်လို့ ရနိုင်တာ ဖြစ်ပါတယ်။
Backspace ကီး က အင်္ဂလိပ်စာ လက်ကွက်မှာ "m" ရဲ့ ယာဘက် မှာ ရှိပါတယ်။ မြန်မာစာလက်ကွက်မှာတော့ “ယ” ရဲ့ ယာဘက်မှာ ရှိပါတယ်။
စဖျက်ရဲ့ အက္ခရာရဲ့ ယာဘက်ဘေးမှာ ကာဆာကို ချလိုက်ပြီး Backspace ကီးကို လက်ချောင်းထိပ်နဲ့ ထိလိုက်ပြီးတာနဲ့ ချက်ချင်း လက်ချောင်းထိပ်ကို ဝဲဘက်သို့ ပွတ်ဆွဲပါ။ စာပေါ် အရောင်ထင်တဲ့ highlight ဖြင့် ရွေးချယ်ထားတဲ့ စာလုံးတွေကို ပြသပါလိမ့်မယ်။ ဖျက်ချင်တာထက် ကျော်သွားရင် လက်ချောင်းထိပ်ကို ယာဘက် ပြန်ရွှေ့ပေးပြီး ရွေးချယ်ထားခြင်းမှ ပယ်ဖျက်ပေးလို့ ရပါတယ်။
ဖျက်ချင်တဲ့အတိုင်း highlight ပြနေပြီဆိုရင် လက်ချောင်းထိပ် ထိထားတာကို ရုပ်သိမ်းလိုက်ပါ။ highlight တင်ထားတဲ့ စာတွေ အကုန်လုံး ပျက်သွားပါလိမ့်မယ်။
မှတ်ချက်။ ။ အခုလို Gboard shortcut မျိုးတွေ သုံးဖို့အတွက် settings မှာ ဝင်ပြီး "Glide typing" ထဲမှာ "Enable gesture delete" လုပ်ထားရမှာ ဖြစ်ပါတယ်။
အခုလို ဖျက်လိုက်တဲ့ စာတွေ ပြန်ခေါ်ထည့်ချင်ရင် ကီးဘုတ်ရဲ့ အပေါ်ဆုံးမှာ ဖျက်ထားတဲ့ စာတွေ ဖော်ပြပေးထားတာကို တစ်ချက် တို့လိုက်ပါ။
ခုနက ဖျက်ထားတဲ့စာတွေ အကုန်လုံး ပြန်ပေါ်လာပါလိမ့်မယ်။ တစ်ခု သတိပြုစရာကတော့ နောက်ထပ် ဘာကီးကိုမှ မထိရသေးခင်သာ ပြန်ခေါ်လို့ ရနိုင်တာ ဖြစ်ပါတယ်။