Facebook နဲ့ Ray-Ban တို့က ကင်မရာ မျက်မှန်စတင်‌ရောင်းချ

မျက်မှန်မှာ အသေးအမွှားကင်မရာ ၂ လုံး တပ်ထားပြီး အသေးစား မိုက်ခရိုဖုန်းတွေနဲ့ စပီကာတွေလည်း အစီအရီ တပ်ပေးထားတယ်။

Ray-Ban Storiesတွေက Facebook ရဲ့ အဦးဆုံး ကင်မရာပါတဲ့ မျက်မှန်တွေ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ယူကေမှာ တည်ရှိတဲ့ Ray-Ban မျက်မှန်ဆိုင်တွေမှာ Wayfarer နေကာမျက်မှန် မော်ဒယ်အသစ် စတင်ရောင်းချပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက ရောင်းချခဲ့တဲ့ ဂန္ထဝင်မော်ဒယ်ပုံစံ မျက်မှန်တွေနဲ့ တစ်ထေရာတည်း တူပါတယ်။ ကွာခြားချက် တစ်ခုတော့ ရှိတယ်။ မျက်မှန်မှာ Facebook ပါနေတယ်။
ဂန္ထဝင်မော်ဒယ်ပုံစံကို တစ်ဖန်ပြန်ဆန်းစစ်ထားတဲ့ မျက်မှန်တွေကို Ray-Ban Stories လို့ အမည‌်ပေးထားတယ်။ Facebook ရဲ့ ပထမဆုံးဖြစ်သော ကင်မရာမျက်မှန် ဖြစ်ပါတယ်။ တပ်ထားတဲ့သူက လက်နဲ့ ဘာမှ ကိုင်တွယ်ပေးနေဖို့ မလိုဘဲ ဗီဒီယိုတွေ ဓာတ်ပုံတွေကို မျက်မှန်တပ်ထားသူရဲ့ ရှုထောင့်ကနေ ရိုက်ပေးတယ်။ ပြီးရင် ဆိုရှယ်မီဒီယာပေါ် တင်ပေးတယ်။
မျက်မှန်သုံးစွဲသူက သီချင်းဂီတ နားထောင်လို့ရတယ်။ အွန်လိုင်း ဖုန်းခေါ်လို့ရတယ်။
မျက်မှန်စတိုင် အမျိုး ၂၀ ရှိပြီး တစ်မျိုးစီအတွက် နေကာနဲ့ အကြည် နှစ်မျိုး ထုတ်လုပ်ပေးထားတယ်။
ရောင်းဈေး ကန်ဒေါ်လာ ၂၉၉ ဖြစ်ပါတယ်။

 

241466540_4372655622772663_9203606549053168457_n.jpg


ပြိုင်ဘက် Snap က ကင်မရာမျက်မှန် ထုတ်လုပ်ခဲ့ပြီး ၅ နှစ်အကြာ၊ Google Glass ထုတ်လုပ်ခဲ့ပြီး ၈ နှစ်အကြာမှာ Facebook ကင်မရာ မျက်မှန် စတင်ရောင်းချတာ ဖြစ်ပါတယ်။
Google Glass က ကင်မရာအပြင် အပြလည်း ပါလို့ အနာဂတ်မှာ ဝတ်ဆင်စရာ နည်းပညာ ဖြစ်လာမယ်လို့ ထင်ကြေးပေးခဲ့ကြတယ်။ Google က ၂၀၁၅ ခုနှစ်မှာ ထုတ်လုပ်မှု ရပ်ပစ်လိုက်တယ်။ ပထမတစ်ချက်က ကိုယ်ရေးကိုယ်တာ လျှို့ဝှက်မှုကို ထိခိုက်စေလိူ့ ဖြစ်ပါတယ်။ ဒုတိယအချက်က လူအများ လက်ခံသုံးစွဲဖို့ အားတက်သရော မရှိကြဘူး။ လက်ခံဖို့ အသင့်မဖြစ်ကြသေးဘူး။
Facebook ကင်မရာ မျက်မှန်မှာ ကင်မရာ နှစ်လုံး၊ မိုက်ခရိုဖုန်း နဲ့ စပီကာတွေ သုံးခု ပါတယ်။ မသိသာအောင် တပ်ဆင်ပေးထားတယ်။
ခလုတ်နှိပ်၍ ဖြစ်စေ၊ စကားသံဖြင့် အမိန့်ပေး၍ဖြစ်စေ ကင်မရာကို ရိုက်ဖို့ စေခိုင်းနိုင်တယ်။
ဗီဒီယိ ရိုက်နေစဉ် LED မီးလေး မျက်မှန်ဘေးသားမှာ လင်းနေတယ်။ အနားမှာ ရှိတဲ့သူတွေက ဗီဒီယို ရိုက်နေပြီဆိုတာ သိနိုင်တယ်။ကင်မရာ စသုံးရင် အနီးရှိသူတွေ သိအောင် တမင်ထည့်ပေးထားတယ်။ ခိုးကြောင်ခိုးဝှက် ရိုက်မရအောင် လုပ်ပေးထားတာလို့ ဆိုတယ်။ ရိုက်ကူး အသံဖမ်းနေတာ တခြားသူ သိဖို့ခဲယဉ်းနေရင် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်မှုကို ချိုးဖောက်တယ်လို့ စွပ်စွဲခံဖွယ် ဖြစ်နေမှာမို့ ဝိနည်းလွတ်အောင် စီမံပေးထားတာ ဖြစ်ပါတယ်။

 

241054197_4372657342772491_8721589377533205585_n.jpg


အွန်လိုင်းမှာ ဖရီးကုန်းဆင်းရင် စိတ်ပျက်စရာတစ်မျိုးက ကြော်ငြာတွေ ခဏခဏ ဝင်ဝင်ပြနေတာ ဖြစ်ပါတယ်။
အခုလို ရိုက်ကူးတင်ပြတာမှာ ကြော်ငြာမထိုးဘူးလို့ Facebook က ကတိပေးထားတယ်။ ကြော်ငြာအတွက်လည်း အသုံးမချဘူး။ သုံးချင်ရင် ခွင့်ပန်ပြီး ခွင့်ပြုချက်ရမှ သုံးစွဲမယ်လို့ ဆိုပါတယ်။
နည်းပညာမျက်မှန် ဈေးကွက်က အသစ်အဆန်းဖြစ်နေလို့ အရွယ်အစားသေးငယ်နေပြီး မဟာနည်းပညာလုပ်ငန်းကြီးတွေက ဈေးကွက်ငယ်ထဲ ဝင်ကစားနေကြလို့ ပွဲကြမ်းနေချိန်မှာ Facebook ကလည်း ဝင်လာတာ ဖြစ်နေတယ်။
Apple ကလည်း လာမယ့်နှစ်မှာ စမတ်မျက်မှန် ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်။
Snap က မေလတုန်းက AR မျက်မှန်တစ်မျိုးကို ပြသခဲ့တယ်။ စွမ်းရည် အကန့်အသတ်ရှိနေပြီး ပရိတ်သတ် အကန့်အသတ်အတွက်သာ ဖြစ်ပါတယ်။
Facebook Ray-Ban မျက်မှန်က ပွဲဦးထွက်ဖြစ်လို့ AR (augmented reality) အပြ မပါဘူး။ AR မျက်မှန်နဲ့ တွဲသုံးဖို့ ဆိုရှယ်ကွန်ရက်ကို အဆင့်မြှင့်ပေးရဦးမယ်လို့ ဆိုပါတယ်။
Facebook နဲ့ Ray-Ban ပိုင်ဆိုင်တဲ့ EssilorLuxottica တို့က မျက်မှန်ရောင်းချလို့ ရလာမယ့် ဝင်ငွေကို ဘယ်လို ခွဲဝေရယူမလဲဆိုတာ ထြတ်ဖော်ပြောကြားခြင်း မပြုဘူး။
ကျွန်တော်တို့က ရေထဲ ခြေမ နှစ်ပြီး အခြေအနေကို စမ်းကြည့်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ရေထဲခုန်ဆင်း လိုက်တာ။ ဒီထုတ်ကုန်အပေါ် ကျွန်တော်တို့ တကယ် ယုံတယ်။ ဒီမျက်မှန်အမျိုးအစားမှာ ကျွန်တော်တို့ ယုံကြည်မှု ရှိတယ်လို့ ဆိုပါတယ်။

 

Source Verge, about.fb.com

Read times
Rate this item
(0 votes)