Google ကို မတရားလွှမ်းမိုးမှုဖြင့် တောင်ကိုရီးယားက ဒေါ်လာ ၁၁၇ သန်း ဒဏ်ငွေရိုက်

စမတ်ဖုန်းတွေမှာ သုံးစွဲဖို့ လည်ပတ်မှုစနစ် ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးမှုများကို ပြိုင်ဘက်တွေ လုပ်ကိုင်ကြတာမှာ

အဟန့်အတားပြုတဲ့အတွက် Alphabet Inc. ရဲ့လက်အောက်မှ Google ကို တောင်ကိုရီးယားက ကန်ဒေါ်လာ ၁၇၇ သန်း ဒဏ်ကြေးရိုက်လိုက်ပါတယ်။
စမတ်ဖုန်းတွေမှာ သုံးစွဲတဲ့ လည်ပတ်မှုစနစ် Android operating system ပိုင်ရှင် Google က ပြိုင်ဘက်တွေ အံတုပြီး လည်ပတ်မှုစနစ် ထုတ်လုပ်ကာ နေရာယူလို့ မရအောင် Google က အဟန့်အတားတွေ ပြုခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်လွှား သုံးစွဲနေကြတဲ့ စမတ်ဖုန်းတွေမှာ ၈၀ % ကျော်က Android ကို သုံးစွဲထားကြတာဖြစ်လို့ ယှဉ်ပြိုင်မှုမှာ Google က အသာစီး ရထားပါတယ်။ Korea Fair Trade Commission ရဲ့ စွပ်စွဲချက်မှာ Google ရဲ့ anti-fragmentation agreements (AFA) ကို Samsung Electronics Co. နဲ့ G Electronics Inc တို့လို ထုတ်လုပ်သူတွေနဲ့ သဘောတူညီချက် ရယူထားတဲ့အတွက် အသေးစား ကိရိယာ (gadget) ပြုလုပ်သူတွေက Android OS ကို မွမ်းမံသုံးစွဲလို့ မရအောင် တားဆီးထားတယ်လို့ ဆိုပါတယ်။
Google က ထုတ်လုပ်သူတွေကို AFA သဘောတူညီချက်ကို အကျပ်ကိုင်ပြီး လက်မှတ်ရေးထိုးခိုင်းတယ်။
AFA သဘောတူညီချက်အရ ရှိပြီးသား ပင်မကိုယ်ထည် ကုဒ်ကို ပြုပြင်မွမ်းမံပြီး မတူတဲ့ ထုတ်ကုန်အဖြစ် ခွဲထွက် မူကွဲ forked version ကို ထုတ်လုပ်ခြင်း မပြုဖို့ သဘောတူထားရတာ ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက Android operating system ကို ယူသုံးပြီး မူကွဲထုတ်ကုန် ထုတ်လုပ်ခွင့် မရှိဘူး။ မွမ်းမံပြင်ဆင်ခွင့်လည်း မရှိဘူး။ တစ်နည်းပြောရရင် လှုပ်မရအောင် ချုပ်ထားလိုက်တာ ဖြစ်ပါတယ်။

forked version ကို ထုတ်လုပ်ခွင့် မရှိတဲ့အတွက် ထုတ်လုပ်သူတွေအနေဖြင့် သူတို့ထုတ်လုပ်တဲ့ အသေးစားကိရိယာရဲ့ ရည်ရွယ်ချက်တွေနဲ့ အံကိုက်ဖြစ်အောင် ကုဒ်ကို ပြုပြင်မွမ်းမံပေးခွင့် မရှိတော့ဘူး။ ဖိနပ်တစ်ရံတည်းနဲ့ အကုန်လုံး စီးနေရတာ ဖြစ်လို့ အံကိုက်ဖြစ်အောင် ခြေထောက်တွေ လှီးဖြတ်ပေးလိုက်ရတာမျိုးတွေ ရှိနေစေပါတယ်။

Korea Fair Trade Commission ရဲ့ ဆောင်ရွက်ချက်ဟာ မိုဘိုင်းကိရိယာတွေအတွက်မျှသာ မဟုတ်ပါဘူး။ စမတ်လက်ပတ်နာရီ၊ စမတ်တီဗီ စတဲ့ပစ္စည်းတွေလည်း အကျုံးဝင်ပါတယ်။

ကုဒ်ကို ပြုပြင်မွမ်းမံခွင့် ရရှိထားမှာ ဆန်းသစ်တီထွင်မှုတွေ အသုံးချခွင့် ရမှာဖြစ်ပြီး ပိုကောင်းတဲ့အရည်အသွေးဖြင့် ယှဉ်ပြိင်ဖို့ အခွင့်အလမ်း ရရှိမှာ ဖြစ်ပါတယ်။

Amazon.com Inc. နဲ့ Alibaba Group Holding Ltd. တို့က OS စီးပွားရေး လုပ်ကိုင်ခွင့် မရကြဘူး။ Samsung နဲ့ LG တို့က စမတ်နာရီတွေ၊ စပီကာတွေကို စိတ်ကြိုက် ဖန်တီခွင့် မရကြဘူး။

Korea Fair Trade Commission က Google နဲ့ ပတ်သက်တဲ့ သီးခြားအမှုကိစ္စ သုံးခုကိုလည်း စုံစမ်း စစ်ဆေးခဲ့တယ်။ Play Store ရဲ့ အက်ပ်ဈေးကွက်၊ အက်ပ်ထဲမှာ ဝယ်ခြမ်းမှုများ နဲ့ ကြော်ငြာဈေးကွက်တို့ ဖြစ်ပါတယ်။

တောင်ကိုရီးယားက ဩဂုတ်လတုန်းက Apple Inc. နဲ့ Google တို့ကို သူတို့ရဲ့ အက်ပ်စတိုမှာ ပြင်ပငွေပေးချေစနစ်ဖြင့် ငွေပေးချေခွင့်ဖွင့်ပေးထားဖို့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီလို အတင်းအကျပ် ဖွင့်ပေးခိုင်းတဲ့ ဥပဒေမျိုးကို ပထမဆုံး ပြဋ္ဌာန်းပေးလိုက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

Read times
Rate this item
(3 votes)