Wednesday, 09 February 2022 17:19
ပိုမိုလုံခြုံသော အင်တာနက်နေ့ (Safer Internet Day) အတွက် အချင်းချင်း လေးစားမှုရှိဖို့အကြောင်း ပြောရအောင်
ပိုမိုလုံခြုံသော အင်တာနက်နေ့ (Safer Internet Day) အတွက် အချင်းချင်း လေးစားမှုရှိဖို့အကြောင်း ပြောရအောင်
နှစ်စဉ် ဖေဖော်ဝါရီလ ၈ ရက်မှာ ကျရောက်တဲ့ ပိုမိုလုံခြုံသော အင်တာနက်နေ့ (Safer Internet Day) အတွက် Messenger နဲ့ ပတ်သက်တဲ့ အကြံပြုချက် အနည်းငယ်ကို မျှဝေပေးထားပါတယ်။
ပိုမိုလုံခြုံသော အင်တာနက်နေ့ (Safer Internet Day) မှာ ပိုကောင်းတဲ့ အင်တာနက်ကမ္ဘာအတွက်၊ အရေးပါတဲ့ နေရာမှာရှိနေတဲ့ စာပို့အက်ပလီကေးရှင်း(Messaging Apps) တွေအတွက် ကျွန်မတို့ ဘယ်လိုပံ့ပိုးမှုတွေ ပြုလုပ်နေတယ်ဆိုတာ အားလုံးသိအောင် ထပ်ပြီး ပြောပြချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း မိဘနေရာကနေ မိသားစုဝင်တွေကို စာမပို့ခင် သေသေချာချာ စဉ်းစားတတ်ဖို့၊ ကိုယ့်အတွက် အဆင်ပြေစေမယ့် စည်းဘောင်ကန့်သတ်မှုတွေ ပြုလုပ်ဖို့၊ အဆုံးသတ်မှာတော့ လုံခြုံမှုရှိရှိ ပျော်စရာ၊ စိတ်အားတက်ကြွစရာ အတွေ့အကြုံတွေ ရရှိအောင် အသုံးပြုဖို့ တိုက်တွန်းပေးနေပါတယ်။
ဒီနှစ်မှာတော့ Messenger (Instagram တိုက်ရိုက်စာပို့စနစ်ကိုပါ ထောက်ပံ့ပေးထားတဲ့ app) နဲ့ ပူးပေါင်းပြီး ကျွန်မတို့မိသားစု ကိုယ်တိုင်အသုံးပြုရင်း ရရှိလာတဲ့ စာပို့ အက်ပလီကေးရှင်း အသုံးပြုမှု အတွေ့အကြုံကို အခြေခံထားတဲ့ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့နဲ့ ပတ်သက်တဲ့ အကြံပြုချက် အနည်းငယ်ကို မျှဝေပေးချင်ပါတယ်။
ပုံမှန် စကားစမြည် ပြောဆိုပါ
အရင်ဆုံး ကိုယ့်အတွက် လေးစားမှုဆိုတာကို ဘယ်လိုသတ်မှတ်ချင်လဲ၊ ကိုယ့်ရဲ့ စာပို့တဲ့ inbox မှာ ဒီလေးစားမှုဆိုတာကို ဘယ်လိုပြသမလဲဆိုတာ ဆန်းစစ်ပါ။ တစ်နေ့တာအတွင်း စာလက်ခံရယူမယ့် အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ထားမှာလား? ဒါမှမဟုတ် အောက်လုံးဟာသတွေ/ အညှီအဟောက် အသုံးအနှုန်းတွေအပေါ် ကိုယ်ဘယ်လောက် သည်းခံနိုင်လဲဆိုတာ စမ်းကြည့်တာမျိုးလား? ဒါတွေအပေါ် ကိုယ့်ရဲ့ ကလေးငယ်တွေက ဘယ်လိုမြင်လဲဆိုတာ သေချာစကားပြောကြည့်ပြီး အဖြေရှာပါ။ ဘယ်လိုစာမျိုးတွေ၊ ဘယ်လိုရင်းနှီးပတ်သက်မှုတွေက ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီဆိုတာ တွေးကြည့်ပါ။ ပြီးရင် ထိုက်သင့်တဲ့ တုံ့ပြန်ဆောင်ရွက်မှုကို ပြုလုပ်ပါ။ ဒီတုံ့ပြန်မှုတွေထဲမှာ ကိုယ်သည်းမခံနိုင်တဲ့စာ ပို့လာတဲ့သူနဲ့ တိုက်ရိုက်စကားပြောတာမျိုး ဒါမှမဟုတ် Messenger လို အက်ပလီကေးရှင်း ဆက်တင်ထဲမှာပါတဲ့ တိုင်ကြားခြင်း၊ ပိတ်ပင်ခြင်းနဲ့ ကန့်သတ်ခြင်း စတဲ့ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေကို အကျိုးရှိရှိ အသုံးချတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
စည်းတွေ ဘောင်တွေ ကန့်ထားပါ
ကိုယ့်ရဲ့ Messenger ဆက်တင်ကို စစ်ဆေးဖို့ အချိန်ခဏတော့ပေးပါ။ ဘယ်အချိန်မှာ ကိုယ်အွန်လိုင်းရှိတယ်ဆိုတာ ပြသမလဲ၊ Message Request ဆိုတဲ့နေရာမှာ ဘယ်သူ့ဆီက စာတွေကို ထားမလဲ၊ ဘယ်သူတွေကိုတော့ လုံးဝ စာပို့လို့မရအောင် လုပ်မလဲဆိုတာ သတ်မှတ်ထားပါ။
ကိုယ့်ရဲ့ inbox ကို ထိန်းချုပ်ပါ
အချင်းချင်း ထားရှိသင့်တဲ့ လေးစားမှုကို မစောင့်ထိန်းနိုင်တော့တဲ့ အချိန်ရောက်လာရင် ကိုယ့်ဘက်ကနေ ထိန်းချုပ်နိုင်အောင် ကူညီပေးမယ့် နည်းပညာကိရိယာတွေ Messenger မှာ ရှိပါတယ်။
သည်းခံမှုအတိုင်းအတာ ကျော်လွန်ပြီး လူမှုအသိုင်းအဝိုင်းစံနှုန်း ကို ချိုးဖောက်ထားတဲ့ စာမျိုး လက်ခံရရှိခဲ့ရင် တိုင်ကြားပေးပါ။
ကိုယ့်ကို အဆက်အသွယ် လုံးဝမလုပ်နိုင်အောင် block လုပ်နိုင်ပါတယ်။ စိတ်မပူပါနဲ့၊ Messenger က ကိုယ့်ဘက်က တိုင်ကြားထားတာတွေ ဒါမှမဟုတ် block လုပ်ထားတယ်ဆိုတာကို သူတို့ကို အသိမပေးပါဘူး။
Block လုပ်တာလောက်အထိ မလိုဘူးလို့ထင်လား? အခုဆိုရင် Messenger က ကိုယ်အဆက်အသွယ် မလုပ်ချင်တဲ့သူတွေကို ကန့်သတ်ထားနိုင်ဖို့ Chat list ကနေထုတ်ပေးထားနိုင်ပါတယ်။ ဒါဆိုရင် ကိုယ်အွန်လိုင်းမှာ ရှိ၊ မရှိ ဆိုတာ၊ သူတို့ရဲ့ စာတွေကို ဖတ်၊ မဖတ်ဆိုတာ သူတို့ကို ပေးမသိတော့ပါဘူး။
ကိုယ့်အတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဆိုတာကို ရွေးချယ်ပါ
အပေါ်မှာပြောပြထားတဲ့ အရေးကြီးတဲ့ စည်းတွေ၊ ဘောင်တွေ အပါအဝင် တစ်ဦးနဲ့တစ်ဦးရဲ့ ဆက်ဆံရေးတွေကို ဘေးကင်းလုံခြုံစွာနဲ့ တည်ဆောက်နိုင်ဖို့ အခြေအနေ တစ်ခုချင်းစီအလိုက် ကိုယ်တိုင် ထိန်းချုပ်လို့ ရနိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပေးသွားမယ့် အဘက်ဘက်က စဉ်းစားပေးထားတဲ့ ဆုံးဖြတ်ပုံအဆင့်ဆင့်ကို ဖန်တီးပုံဖော်ပေးထားပါတယ်။
ကလေးငယ်တွေအတွက် အက်ပလီကေးရှင်းအသုံးပြုရာမှာ ပိုပြီး လုံခြုံစိတ်ချရအောင် ဖန်တီးပေးပါ
ကိုယ်ပိုင် စည်းမျဉ်းကန့်သတ်ချက်လေးတွေ ရှိထားဖို့ဆိုတာ မိသားစုဝင်တိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ကိုယ့်ကလေးက အွန်လိုင်းပေါ်မှာ ပိုအချိန်ဖြုန်းနေပြီဆိုရင်တော့ Safer Internet Day က မိဘနဲ့ အုပ်ထိန်းသူတွေအတွက် ကိုယ့်ကလေးတွေ အွန်လိုင်းပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်း ဆက်သွယ်နေကြလဲဆိုတာ အချိန်ပေးပြီး ဆန်းစစ်ကြည့်ဖို့ အကောင်းဆုံးနေ့ပါပဲ။ Messenger Kids အက်ပလီကေးရှင်းမှာ ပါရှိတဲ့ ထိန်းချုပ်မှုနဲ့ ကြည့်ရှုနိုင်မှု လုပ်ဆောင်ချက်တွေ အများကြီးကို အသုံးပြုပြီး ကိုယ့်ရဲ့ကလေးငယ်အတွက် လုံခြုံစိတ်ချရတဲ့ အက်ပလီကေးရှင်း အသုံးပြုမှု အတွေ့အကြုံကို မိဘတွေကနေ ဖန်တီးပေးလို့ရပါတယ်။ ဒီထဲမှာ ကလေးတွေနဲ့ အမြဲလိုလို စကားပြောဖြစ်နေတဲ့သူတွေကို စောင့်ကြည့်တာကစလို့ ကလေးရဲ့ အချက်အလက်တွေကို ဒေါင်းလုတ်ရယူနိုင်တဲ့အထိ ထည့်သွင်းပေးထားပါတယ်။
ကိုယ့်ကလေးငယ်အတွက် လိုက်လျောညီထွေ အဖြစ်ဆုံး ဒစ်ဂျစ်တယ် အသုံးပြုမှုအတွေ့အကြုံကို ဖန်တီးပေးနိုင်ဖို့ ဒီအချက် (၃) ချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
တစ်ခေါက်ပြင်ဆင်သတ်မှတ်ပြီး မေ့သွားတာမျိုး မဖြစ်ပါစေနဲ့
မိဘတော်တော်များများက အက်ပလီကေးရှင်းကို ပထမဆုံး ဒေါင်းလုတ်လုပ်တဲ့ တစ်ကြိမ်လောက်ပဲ မိဘတွေ ထိန်းချုပ်နိုင်တဲ့ parental controls ကို လိုအပ်သလို ထိန်းညှိတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေ အရွယ်ရောက်လာတာနဲ့အမျှ လိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။ Safer Internet Day လို နေ့မျိုးကို အသုံးချပြီး အက်ပလီကေးရှင်းရဲ့ ထိန်းချုပ်မှုနဲ့ ဆက်တင်တွေကို ပြန်စစ်ကြည့်ဖို့ သတိချပ်သင့်ပါတယ်။ ဥပမာ ကလေးက ငယ်သေးတယ်ဆိုရင် သူတို့ရဲ့ အဆက်အသွယ်များစာရင်းကို မိဘတွေက ထိန်းချုပ်သင့်တယ်ဆိုပေမယ့် အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူတို့စိတ်ကြိုက် သူငယ်ချင်းတွေ add ခိုင်းတာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ မိဘတွေအနေနဲ့ အဆက်အသွယ်စာရင်းကို စီမံတာ၊ သူငယ်ချင်းအဖြစ်သတ်မှတ်တဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်တာတွေကို Messenger Kids က Supervised Friending ကို အသုံးပြုပြီး ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်အတွက် အဆင်ပြေမယ့် စည်းဘောင်၊ ကန့်သတ်ချက်တွေ ဖန်တီးပါ
တန်ဆေး လွန်ဘေးဆိုတဲ့စကားက နေရာတော်တော်များများနဲ့ ကိုက်ညီမှုရှိတယ်ဆိုရာမှာ ဖုန်း၊ ကွန်ပျူတာကြည့်ချိန်လည်း ပါပါတယ်။ Messenger Kids မှာပေးထားတဲ့ Sleep Mode က အက်ပလီကေးရှင်း သုံးလို့ရတဲ့အချိန်ကို မိဘတွေက သတ်မှတ်ပြီး အိပ်ရာဝင်ချိန်မှာ ပိတ်ပေးလို့ရအောင် ပြုလုပ်ပေးနိုင်တာကြောင့် အိမ်စာလုပ်ချိန်၊ ညစာစားချိန် ဒါမှမဟုတ် အိပ်ယာဝင်ချိန်တွေ သတ်မှတ်ရာမှာ အသုံးဝင်မှာပါ။ ပိုကောင်းတာက မိဘတွေက အချိန်စာရင်းကြီးတစ်ခုလုံး လုပ်ပေးစရာမလိုဘဲ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အဖွင့်၊ အပိတ် လုပ်ပေးလို့ရပါတယ်။ နည်းပညာ အသုံးချမှုအတွက် စည်းဘောင်တွေ ကန့်သတ်တဲ့အခါ ကိုယ့်ကလေးနဲ့ သေသေချာချာ စကားပြောပြီးမှ နှစ်ဘက်စလုံး အဆင်ပြေလက်ခံနိုင်တဲ့ အခြေခံ စည်းကမ်းလေးတွေ လုပ်ထားတာက အထောက်အကူ ဖြစ်စေပါတယ်။
ဒစ်ဂျစ်တယ်နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် အားပေးမြှင့်တင်ပါ
အင်တာနက်ပေါ်မှာ ဘေးကင်းလုံခြုံဖို့ဆိုတဲ့ စကားဝိုင်းတွေက ပြဿနာတစ်ခုခုဖြစ်မှ ကလေးနဲ့မိဘ ပြောဖြစ်ကြတာမျိုးလို ဖြစ်နေပါတယ်။ ဒါပေမယ့် နည်းပညာကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဘယ်လို ကောင်းကောင်းအသုံးချမလဲဆိုတာ ငယ်တဲ့အရွယ်မှာကတည်းက သင်ကြားပေးမှ ကြီးလာတဲ့အခါ ပိုကောင်းတဲ့ အတွေ့အကြုံကို ရရှိစေမှာပါ။ Messenger Kids ရဲ့ Pledge Planets လိုမျိုး နည်းပညာကိရိယာတွေက ဒီအရေးကြီးတဲ့ စကားဝိုင်းတွေမှာ မိဘတွေအတွက် ကိုယ့်ကလေးတွေကို ပိုပြီး ပျော်စရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေနဲ့ ပြောဆိုသင်ပြပေးနိုင်အောင် ကူညီပေးမှာပါ။ ပထဦးဆုံးအပိုင်းဖြစ်တဲ့ “ကြင်နာပါ - Be Kind” က အခုဆိုရင် Pledge Planets မှာ ရရှိနေပြီဖြစ်သလို ဒုတိယအပိုင်းဖြစ်တဲ့ “လေးစားမှုရှိပါ - Be Respectful” ကိုလည်း မကြာခင် မိတ်ဆက်ပေးမှာပါ။ ဒီအပိုင်းသစ်က အင်တာနက်ပေါ်မှာ တင်ထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ခေါင်းအေးအေးထားပြီး စဉ်းစားတွေးခေါ်သင့်လဲဆိုတာ ကလေးတွေသိအောင် ကူညီသင်ကြားပေးနိုင်မှာပါ။
ဆုံးဖြတ်ချက်ချပုံ အဆင့်ဆင့်
Safer Internet Day နဲ့ပတ်သက်ပြီး Meta ရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေကို အသေးစိတ်သိချင်တယ်ဆိုရင် Privacy and Safety Hub မှာ လေ့လာနိုင်ပါတယ်။
မူရင်းစာရေးသူ Ericka Sóuter ၊ Parenting Expert and Author
ERICKA SÓUTER အကြောင်း
Ericka Sóuter သည် How to Have a Kid and a Life: A Survival Guide စာအုပ်ကို ရေးသားခဲ့သော နိုင်ငံကျော် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ သူမ၏ စာအုပ်တွင် မိခင်ကောင်းတစ်ဦးဖြစ်ဖို့ မိမိရဲ့ဖြစ်တည်မှုအားလုံးကို စွန့်လွှတ်ရမယ်လို့ ဘယ်တုန်းက သတ်မှတ်ခဲ့ကြတာလဲ စသည့် ၂၁ ရာစု ကလေးသူငယ် ပြုစုပျိုးထောင်ရေး ပြဿနာများကို ဆွေးနွေးထားသည်။ Ericka သည် လက်ရှိတွင် သူမ၏ခင်ပွန်းဖြစ်သူ Caleb နှင့် သားဖြစ်သူ Lex ၊ Aidan တို့နှင့်အတူ Manhattan မြို့တွင် နေထိုင်လျက်ရှိပါသည်။
sd