Google Play Store လမ်းကြောင်းသစ်အတွက် အပြောင်းအလဲများ

Google ရဲ့ Play Store က Android apps အနာဂတ်အတွက် အပြောင်းအလဲတွေ စတင်နေပါပြီ။

နောက်နောင်မှာ Android apps တွေ အွန်လိုင်းချိတ်ဆက်သုံးစွဲရန်အတွက် streamlined ပိုဖြစ်ဖို့နဲ့ အက်ပ်ရဲ့ ဖိုင်အရွယ်အစား ပေါ့ပါးဖို့အတွက် ဦးတည်ထားတဲ့ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီဖြစ်ပြီး လမ်းကြောင်းသစ်ပေါ်မှာ အက်ပ်တို့ကို Google က ထိန်းချုပ်နိုင်တဲ့ ရေချိန် ပိုမြင့်မားသွားမှာ ဖြစ်ပါတယ်။
အခုလို ပြောင်းလဲပေးသွားတာ ညင်သာတာမို့ သုံးစွဲတဲ့သူတွေအနေဖြင့် သတိမူမိမှာ မဟုတ်ဘူး။ မသိမသာဖြင့် ပြောင်းပြောင်းသွားတာကို ကြုံရမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ Google Play Store ပေါ်ကို Android app အသစ် တင်ပြီး ထုတ်ဝေချင်တဲ့ developerတွေအတွက် ဘယ်လို အထုပ်တွေ ထုပ်ပိုးပြီးတော့ တင်ရမယ်ဆိုတာကို မူအသစ် ချမှတ်ပေးထားတယ်။ အရင်က APK (Android application package) ထုပ်ပိုးပုံစံဖြင့် တင်ကြရတယ်။ အခု AAB (Android app bundle) အောက်ခံဘောင်ကို သုံးဖို့ လိုအပ်တယ်။

အဲဒီ အထုပ်နှစ်ထုပ်နဲ့ ပတ်သက်တဲ့ နည်းပညာပိုင်း အသေးစိတ်ကို အက်ပ် သုံးစွဲသူတွေ သိဖို့ မလိုဘူး။
ပညာရပ်ပိုင်းဆိုင်ရာ သိချင် လေ့လာချင်ရင် ဖော်ပြပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ developer တွေအဖို့တော့ သိကိုသိထားရမယ့်ကိစ္စ ဖြစ်ပါတယ်။

Android App Bundle နဲ့ APK ဘာတွေလဲ ဘာကွာသလဲ

အက်ပ် သုံးစွဲတဲ့သူအဖို့ AAB လား APK ဆိုတာ ဘာမှန်း သိမှာ မဟုတ်ပေမဲ့ အရင်တုန်းကနဲ့ ကွာဟာချက်ကတော့ အက်ပ်ကို ဖုန်းထဲ ဒေါင်းယူပြီး ထည့်တဲ့အခါ အက်ပ်ရဲ့ တကယ်လိုအပ်တဲ့ အပိုင်းတွေကိုပဲ ဖုန်းအတွက် ချပေးတော့မှာ ဖြစ်ပါတယ်။ ဥပမာ ခင်ဗျားက ဖုန်းနဲ့ အက်ပ်ကို သုံးမယ်ဆိုရင် တက်ဘလက်ရဲ့ ပိုကြီးမားတဲ့ စခရင်အတွက် အဆင်ပြေအောင် လုပ်ပေးထားတဲ့ အပိုင်းတွေ ခင်ဗျား အက်ပ်ကို ယူတဲ့အခါ အရင်လို ပါလာမှာ မဟုတ်ဘူး။ ဒီတော့ ဒေါင်းရတဲ့ ဖိုင်အရွယ်အစား အရင်ကထက် သေးသွားမယ်။ ပိုသေး ပိုပေါ့နေမယ်။ အရင်ကလို သုံးမယ့်ကိရိယာနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် အကုန်လုံး အထုပ်တစ်ထုပ်ထဲ ထည့်ပေးလိုက်တာမျိုး မဟုတ်တော့ဘူး။ တက်ဘလက်အတွက် ယူမယ်ဆိုရင်လည်း ဖုန်းအတွက် သီးသန့်စီမံပေးထားတဲ့အပိုင်းတွေ မပါလာတော့ဘူး။ အဲဒီလို လိုအပ်တာပဲ ချပေးလိုက်ဖို့အတွက် AAB (Android app bundle) အထုပ်တွဲထဲကနေ လိုတဲ့ အထုပ်တွေ အလိုအလျောက် ရွေးထုပ်ပြီး Google Play Store က လုပ်ပေးလိမ့်မယ်။

ဂိမ်းတွေမှာ အဆင့်တွေတက်ပြီး အမြင့်ရောက်မှ လိုအပ်မယ့် အပိုင်းတွေကို ဂိမ်းအနိမ့်အဆင့်မှာ ထည့်ပေးလိုက်မှာ မဟုတ်ဘူး။ level အဆင့်တစ်ခုအထိ ကစားဖို့အတွက်ကိုပဲ ချပေးမယ်။ နောက်ထပ် ထပ်ယူဖို့ လိုတဲ့ အဆင့်ကို ဂိမ်းကစားသူ ရောက်ရှိတဲ့အခါကျမှ အမြင့်အဆင့်တွေအတွက် အပိုင်းတစ်ပိုင်းစာ ထပ်ချပေးမယ်။ ဒီတော့ အနိမ့်အဆင့် စကစားဖို့ ဂိမ်းအက်ပ်ကို ရယူတဲ့အခါ အရင်လို တစ်ပေါင်းတစ်စည်းတည်း ချပေးတာ မဟုတ်လို့ ဖိုင်အရွယ် မကြီးမားတော့ဘူး။ တကယ်လို့ အရင်အရွယ်အစားအတိုင်း မတိမ်းမယိမ်း ဖြစ်နေတယ်ဆိုရင် အထဲမှာ ပါတာတွေက အရင်ထက် ပိုစုံလင်နေတာ တွေ့ရမယ်။ ယခင်က ဖိုင်အရွယ် သိပ်ကြီးနေမှာစိုးလို ဖယ်ထားတာတွေကို ထည့်ပေးလို့ ရနေတယ်။ ဒီတော့ ဂိမ်းကစားရတာ အရသာပိုကောင်းသွားမယ်။

ဖိုင်အရွယ်က ဘယ်လောက်အထိ ပိုပေါ့သွားနိုင်သလဲ။ Google ရဲ့တွက်ချက်ခန့်မှန်းမှုအရ ပျမ်းမျှအားဖြင့် အရင်ကထက် ၁၅% ပိုငယ်သွားတယ်။

 

Sec_02-apps.jpg

 

AAB ကို စသုံးတာ ၂၀၁၈ ခုနှစ် Android 9 လက်ထက်မှာ ဖြစ်ပေမဲ့ အခုလို မလုပ်မနေရ သတ်မှတ်မထားဘူး။ developers တွေ ဆန္ဒရှိရင် သုံးနိုင်ပြီး ဆန္ဒမရှိရင် မသုးဘဲ နေလို့ရတယ်။ အတင်းအကျပ် လုပ်ကိုလုပ်ရမယ်လို့ မသတ်မှတ်ထားခဲ့ဘူး။ အခုတော့ မသုံးမနေရ ဖြစ်သွားပြီ။

Play Store ပေါ် တင်ထားပြီးသား အက်ပ်တွေကတော့ အရင်အတိုင်း APK နဲ့ပဲ အချိန် အတိုင်းအတာ တစ်ခုအထိ ဆက်ရှိနေကြမယ်။ အသစ်တင်တဲ့ အက်ပ်တွေကတော့ AAB စဖြစ်ပါပြီ။
Google ရဲ့ အဆိုအရ ထိပ်တန်း ၁,၀၀၀ စာရင်းဝင် အက်ပ်တွေမှာ အားလုံးနီးပါး ယခုအခါ AAB ကို သုံးထားကြပါပြီ။ AAB သုံးထားတဲ့ အက်ပ ခုရေ တစ်သန်းကျော် Play Store ပေါ် ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဖိုင်တွေ အရွယ်ငယ်တဲ့အတွက် သိုလှောင်ပေးထားနိုင်စွမ်း နည်းတဲ့ အနိမ့်ဖုန်းတွေအဖို့ AAB ကြောင့် ယခင်က သုံးမရတဲ့အက်ပ်တွေထဲမှာ တချို့ကို ယခု သုံးလို့ ရသွားမယ်။

Read times
Rate this item
(0 votes)