Mark Zuckerberg ရဲ့ ရဲရဲရင့်ရင့် လောကသစ် metaverse

Metaverse ဆိုတဲ့ ဝေါဟာရအသစ်နဲ့ ရဲရင့်တဲ့ လောကသစ်တစ်ခုကို Mark Zuckerberg က တည်ဆောက်နေတယ်။


တကယ်လို့များ Facebook က လူတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလူက လောလောဆယ် ဘယ်မှာလဲ။
ဖြစ်နိုင်ခြေ အများဆုံးကတော့ ထောင်ထဲမှာ ရောက်နေလိမ့်မယ်။ ရှည်ကြာတဲ့ကာလ ဖြစ်လိမ့်မယ်။ စာရင်းလုပ်ဖို့ဆိုတာ သူ လွန်ကျူးထားတာတွေက များလွန်းနေတယ်။ ဒါပေမဲ့ Facebook က လူတစ်ဦး မဟုတ်ဘူး။ ကုမ္ပဏီတစ်ခုသာ ဖြစ်ပါတယ်။ ပြီးတော့ အမြတ်အရမ်းရနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကမ္ယာပေါ်မှာ အမြတ်အများဆုံး ရနေတဲ့ ကုမ္ပဏီတွေထဲမှ တစ်ခု ဖြစ်ပါတယ်။ ဈေးကွက်ပေါက်ဈေးအရ Facebook အစုရှယ်ယာတွေ အားလုံးရဲ့ စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို ကျော်နေတယ်။

ကျွန်တော်တို့ Facebook Inc. ကို စဉ်းစားကြည့်တဲ့အခါ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုလို့ တွေးမိကြတယ်။ တကယ်တော့ Facebook Inc. ရဲ့ လက်ထဲမှာ ကုမ္ပဏီ ၇၈ ခု ရှိနေပြီး WhatsApp နဲ့ Instagram တို့ကို လူသိအများဆုံး အသုံးဆုံး ဖြစ်ပါတယ်။
Mark Zuckerberg က ခေါင်သူကြီးအဖြစ် ဦးဆောင်ပေးနေတဲ့ Facebook Inc. က ချောမွတ်နေတယ်။ အထစ်အငေါ့မရှိ လည်ပတ်နေတယ်။ Facebook ရဲ့ ဩဇာကို ငြင်းလို့ မရဘူး။ ပြီးတော့ ဩဇာက ပိုကြီးထွားလာနေတယ်။
တစ်ချိန်တစ်ခါက Facebook ကို ကြော်ငြာမသုံးဘူးဆိုပြီး သပိတ်မှောက်ကြတယ်။ မဖြုံပါဘူး။ အစိုးရတွေ တရားစွဲတယ်။ ဘာမှ မဖြစ်ပါဘူး။ ကိုဗစ်ရောဂါကပ်ကြီးကိုလည်း အသာတကြည် ဖြတ်သန်းနေတယ်။
Facebook Inc. ရဲ့ စီအီးအို Mark Zuckerberg ရဲ့ တန်ဖိုးက ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၈၂ ဘီလျံ ရှိခဲ့ပြီး အခု အမေရိကန်ဒေါ်လာ ၁၃၀ ဘီလျံ ရှိတယ်။

အခု Zuckerberg က လောကသစ်တစ်ခုကို တည်ဆောက်နေတယ်။ သူ့ကိုယ်ပိုင် metaverse ကို ဖန်တီးနေတယ်။ သူ့တန်ဖိုး သူ့ဩဇာ ပိုတိုးစေမယ့်အပြင် ရေရှည်တည်တံ့မှုလည်း ပိုတိုးသွားဖို့ မျှော်လင့်တယ်။

metaverse

Metaverse အကြောင်း မဆွေးနွေးခင်မှာ အရေးပါတဲ့ မေးခွန်းတစ်ခုကို မေးချင်တယ်။
အဲဒီ metaverse ဆိုတဲ့ဟာက ဘာလဲ။ “meta” ဆိုတဲ့ စကားလုံးနဲ့ “universe” ဆိုတဲ့ စကားလုံး နှစ်ခုကို ရောစပ်ပေးလိုက်ပြီး metaverse ဆိုတဲ့ စကားလုံး ပေါ်ပေါက်လာတယ်။ “meta” က ထိုမှကျော်လွန်လျက် ဟိုမှာဘက်လို့ ဆိုလိုတယ်။ “universe” က လောက။
အဲဒီ ထိုမှကျော်လွန်သော ဟိုမှာဘက် လောကဆိုတာ ဘယ်လိုဟာမျိုးကို ရည်ညွှန်းပြောဆိုလိုက်တာလဲ။
metaverse က ရုပ်လောကမှ အခြင်းအရာများကို အင်တာနက်ထဲမှ အစစ်မဖြစ်ရုံတမည်ဖြစ်တဲ့ လောက virtual world ထဲမှာ နေရာတွေကို ပေါင်းစည်းထားတာလို့ ဆိုနိုင်ပါတယ်။ virtual world ထဲမှ နေရာတွေ ဖြစ်လို့ virtual spaces လို့ သုံးနှုန်း ပြောဆိုကြတယ်။
အဲဒီ metaverse စကားလုံးအသုံးအနှုန်းကို အမေရိကန် စာရေးသူနဲ့ စာရေးဆရာ Neal Stephenson က ဝေါဟာရအသစ်ထွင်ပြီး သုံးစွဲရေးသားခဲ့ပါတယ်။ သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲမှာပဲ နေထိုင်နေခဲ့တဲ့ metaverse မီတာဗပ်သစ် ဆယ်စုနှစ် နှစ်ခု ကြာပြီးတဲ့အခါ ကျွန်တော်တို့အပေါ် ရောက်ရှိနေပါပြီ။

မီတာဗပ်စ်က ရဲရင့်တဲ့ လောကသစ်တစ်ခုပါ။ ရုပ်ပိုင်းဆိုင်ရာ တကယ့်လက်တွေ့ အရှိ နယ်ပယ်က ပို၍ပိုဿ ဝေဝါးလာနေတယ်။ ခရစ်ပ်တိုငွေကြေးတွေ cryptocurrencies ဟာ ရုပ်ပိုင်းဆိုင်ရာ ငွေစက္ကူ မရှိတဲ့ ပိုက်ဆံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေစက္ကူ အစစ်မဖြစ်ရုံတမည်ပဲ လိုနေတာ။ ကျန်တာတွေက နိုင်ငံအသီးသီးမှာ သုံးနေတဲ့ ငွေစက္ကူအမျိုးမျိုးလိုပဲ ရောင်းလို့ ဝယ်လို့ ရပြီး ပိုသာတာက နိုင်ငံနယ်နိမိတ် တစ်ခုအတွင်းမှာသာ သုံးလို့ ရတာမျိုး မဟုတ်ဘူး။ အဲဒီဟာက မီတာဗပ်စ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သုံးစွဲသူတွေ သုံးလို့ရတဲ့ အတွေ့အကြုံတွေကို အစစ်နဲ့မခြား ရရှိနေကြတယ်။
မီတာဗပ်စ် တည်ရှိပြီးချိန်မှာ ကျွန်တော်တို့ ကိုယ်ခန္ဓာက အင်တာနက် အပြင်မှာ ရောက်နေပြီး ကျွန်တော်တို့ရဲ့ ဘဝတွေက အင်တာနက်ထဲမှာ နေထိုင်ရှင်သန်ကြရလိမ့်မယ်။ အခုတောင် ဘာဆိုဘာမှ မဟုတ်သေးတဲ့အဆင့်မှာပဲ ရှိနေသေးပေမဲ့ အင်တာနက်တွေ ဖြတ်ချထားလိုက်တော့ ဘဝတွေ သေမလို ဖြစ်ကုန်ကြတာ ကြုံခဲ့ဖူးကြပါပြီ။
လျှပ်စစ်ကား ထုတ်လုပ်တဲ့ Elon Musk က SpaceX ဒုံးပျံစီမံကိန်းတွေနဲ့ လူတွေကို အင်္ဂါဂြိုဟ်မှာ သွားနေခိုင်းဖို့ လုပ်နေချိန်မှာ Zuckerberg က လူတွေရဲ့ ဘဝကို အင်တာနက်ထဲ သွားနေခိုင်းဖို့ လုပ်နေပါတယ်။ သေသေချာချာ မပြောနိုင်သေးတာက ကျွန်တော်တို့ကို သူက ဘယ်တော့ ပို့မှာလဲ ဆိုတာ ဖြစ်ပြီး သေချာတာကတော့ သူက သွားနေခိုင်းရင် ကျွန်တော်တို့တတွေ ခေတ်နောက်ကျမကျန်ရစ်အောင် အင်တာနက်ထဲကို သွားနေကြရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)